Posts

Showing posts from August, 2021

ဂျွင် အက်ရှ်ဘယ်ရီ ၆

 ကလေ့မေချေတယောက် စိတ်ကူးတိ "အေပိုင် ကောင်းကောင်းလှနီရေ နိမှာ မင်းဘားကို ငါစာတစောင်ရီးရဖို့ မျှော်စင်ကနီ၊ ပြီးကေ ငါ မရူးဆိုစော်ကို ပြဖို့အတွက်။ လီသပုန်ခဲကို နင်းမိလို့ ငါချော်လဲခစော်ပါရာ ကမ္ဘာရီချိုးဇလားထဲမှာ ငါ မြုပ်ပါလားခရေ။ ငါ့အတွက်နန့် နင် ကောင်းအများကြီးငိုနီဖို့က မတန်ပါဟေ။ အခု ငါ နင့်ကို လားခွင့်ပြုလိုက်ပါဗျာလ်။လက်မှတ်ထိုး၊အပုချေ။" ညခင်းသားနောက်ကျပြီးခါမှ ငါ ဖြတ်လာခခါ အပြုံးက နင့်နှုတ်ခမ်းတိနားမှာ ကစပ်နီတုန်း ရာစုနှစ်ချီလို ဖြစ်ခရေနှုန်း။သူ ရက်ပြတ်သိခပါရေ နှုန်းနှုန်း စိတ်ကြည်နူးလီအောင် ဇာပိုင်နီရဖို့လဲကို။အဝေ ငါ့သမီး ငါ့ အချစ်အသည်း၊သီလားခရေ ငါ့အလုပ်သျှင်မှာသမီး၊ မင်းသမီး။ နင် လမ်းမှာ ကောင်းမကြာလီပါစီကေ့။ Thoughts of A Young A Girl by John Ashbery

ဂျွင် အက်ရှ်ဘယ်ရီ ၅

 ကဗျာက ဇာရောင် အလယ်ခေတ်မြို့၊ နာဂိုယာ°က ကင်းထောက်ကလေချေတိ အရုပ်နန့် ဖောင်းရစ်*လား။  ငါရို့ နှင်းကျစီချင်ခါ ကျလာရေနှင်းလား။ နိမိတ်ပုံ အလှပတိလား။ဒေကဗျာမှာပိုင်  စိတ်ကူးစိတ်သန်းတိကို ယှောင်ဖို့ ကြိုးစားစော်လာ။ ယေလေ့ ငါရို့က ယင်းချင့်တိဘားကို ပြန်လို့စီလားကတ်တေ၊ ဆန္ဒဟိရေ မယားငယ်ကို ထားပစ်ခပနာ အိမ်သျှင်မဘားကို ပြန်လာကတ်ပိုင်မျိုး။ ခု သူရို့ ယုံကတ်ရဖို့ဗျာလ်။ ငါရို့ ယုံကတ်တေပိုင်မျိုး။စာသင်ကျောင်းမှာက  စိတ်ကူးတိအားလုံးကို ဝဖီးချပ်နန့် ခြစ်ချပလိုက်တေ။ ကျန်လို့ဟိခစော်က ပြင်တပြင်ပိုင်။ မင်းမျက်စိတိကို ပိတ်ထားလိုက်၊ မိုင်တာပတ်လည်အတွင်းမှာ  ယင်းချင့်ကို မင်း ခံစားမိလိမေ။ ခုမျက်စိတိဖွင့်ပနာ ဒေါင်လိုက်ကြောင်း မျှင်မျှင်ချေကိုကြည့် ပီးဖို့၊ ဇာကိုလေ ၊ပန်းဆကေချက်ချင်းလား။ What is Poetry by John Ashbery ° နာဂိုယာ Nagoya မော်ဒန်ခေတ်ဦးမှာ အနောက်က အရှိကိုတွိရေဆိုပနာ ဟိုက္ကူတိကို ဘာသာပြန်စော်တိ ယင်းပုံစံနန့်ရီးစာတိ ဟိခစော်နန့် ဆိုင်လာ Ezra Poundရို့ ပြင်သစ် Surrealistတိလေ့ ရီးခရေ Paul Eluardရို့ *Freize ယာယီဘာသာပြန်ပါရာ မူရင်းသဘောက ခမ်းနားမှုပါရေ ရုပ်ထုတိနန့် အလှဆင်ထားရေ ဖောင်းရစ် ...

ကဗျာ Parody

           Parody ဆိုစော် ကျနော်ရို့မှာဆိုကေ ဖျက်ဆိုရေ ဖျက်ရီးရေ ဆိုရဖို့လား။ တယောက်ရီးထား ဖွဲ့ထားစော်ကို အတုလုပ် တူပိုင်လုပ်ပနာ သရော်ရေ သဘောဆိုရဖို့လား။ Willam Carlos Williams က မော်ဒန်ကဗျာဆရာ Modernist Poet၊အနည်းဆုံးပြောလီ ကောင်းလီဆိုရေ Minimalist။         Kenneth Koch က New York Renaissance or Schoolကို ခေါင်းဆောင်ရေ အခန်းကပါခရေလူ။ ပြောစော်ရာ ရီခဲဘူးထဲမှာ ဟိခရေ ဇီးသီးတိကို ငါ စားပစ်ခဗျာလ်ဆိုစော်ကို ယင်းချင့်တိက ဘရိတ်ဖက်အတွက် နင်ချန်ထားစော် ဖြစ်ချင် ဖြစ်ဖို့ ငါ့ကို ခွင့်လွတ်ပါဝေ ယင်းအသီးတိက အရသာဟိရေ ချိုရေနန့် အီးရေနန့် This is just to say by Willam Carlos Williams ---=========== ဝီလျံ ကားလို့စ် ဝီလျံစ် ရီးရေ သိင်းတခုမှာ မျိုးကွဲတိ ၁ လာဖို့ နွီရာသီမှာ နီဖို့အတွက် နင်ထိန်းသိမ်းနီရေ အိမ်ကို ငါ ခွတ်ချပလိုက်ဗျာလ်။ ဆော်ရီပါဝေ။ အချိန်ကလေ့ မိုးထသား၊ငါမှာကလေ့ လုပ်ဖို့တခုလေ့ မဟိ၊ ယင်းအိမ်သစ်သားထုတ်တန်းတိကလေ့ ငါ့ကို သွီးဆောင်နီခစော်ကို။ ၂ ဟော်လီဟော့ပန်းတိကို ကြည့်ပနာ ငါရို့တူတူ ရယ်ခကတ်တေနန်း။ ပြီးကေ ငါ ယင်းအပင်တိကို ဂျီးချွတ်ဆီးနန့် ဖြန်းပစ်လိုက...

ခိုးထားရေ စကားလုံးတိ

ကမ္ဘာစော် လိမ္မော်သီးတလုံးပိုင်အပြာရောင်* မဟုတ် လိမ္မော်သီးက လိမ္မော်ရောင် မဟုတ် ကမ္ဘာသီးက ကမ္ဘာသီးရောင် ကမ္ဘာစော် သရက်သီးတလုံးပိုင် အနီရောင် မဟုတ် သရက်သီးက အစိမ်းရောင် မဟုတ် အဝါရောင် မဟုတ် သရက်သီးက သရက်သီးရောင် ကမ္ဘာစော် ကျားပါးစပ်ထဲက ပင်လယ်ဖျံတကောင်° မဟုတ် သမင်တကောင် မဟုတ် လူတကောင် မဟုတ်လူတယောက် ကမ္ဘာစော် ပြည်ယိုနီရေ နားတဖက် ** မဟုတ် ရောင်နီရေ အူအတက် မဟုတ် ကိုဗစ် နိုင်တိန်း မဟုတ် ကြင်နီရေ ကိုယ်ဝန် ကမ္ဘာစော် ကုန်းထက်ဝက် ရီထက်ဝက် မဟုတ် ဖားတပိုင်း ငါးတပိုင်း မဟုတ် လူတပိုင်း ဘုရားတပိုင်း ကမ္ဘာစော် ဘာသာပြန်ထားရေ ဘော်လုံးတလုံး မဟုတ် ကိုယ်တိုင်ရီး ခရိကတ် မဟုတ် မှီးထားရေ ဘေ့စ်ဘော ကမ္ဘာစော် မျိုးချစ်စိတ်ပြင်းထန်ရေ ဝါးတုတ်တချောင်း မဟုတ် လစ်ဘရယ် မှိုဟင်း မဟုတ် ဒီမိုကရက်တိတ် သင်္ဘောဥ ကမ္ဘာစော် မျိုးစိပ်တိ ရှင်သန်ဖို့ ကြိုးစားမှု မဟုတ် လုလုအောင် မဟုတ် မိထွေးတော် ဂေါတမီ ကမ္ဘာစော် ငါ မဟုတ် စကြဝဠာထဲက ဆန်ကွဲ မဟုတ်  သိမှု မဟုတ် မသိမှု မဟုတ် ဖွဲ * The Earth is Blue Like an Orange Paul Eluard ° Free Union Andre Breton **  Feeling No Pain James Schuyler

ဂျွင် အက်ရှ်ဘယ်ရီ ၄

 ဒေအခန်း ငါဝင်ခရေ အခန်းက ဒေအခန်းမှာ အိမ်မက်တခု။ သေချာရေ၊ဆိုဖါထက်က ယင်းခြီရာတိအားလုံးက ငါ့ခြီရာတိ။ ခွီးတကောင် ဓါတ်ပုံဘဲဥပုံက  ငါ အငယ်ခါကစော်။ တခုခုက တောက်ပနီ၊ တခုခုကို ဖုန်းထားကွယ်ထား။ ငါရို့ နိလည်စာကို နိတိုင်း မက်ခရိုနီစားခကတ်တေ၊ ငါရို့ကို ငုံးချေတကောင် ချော့ကျွေးခကတ်တေ တနင်္ဂနွီနိကလွဲလို့လေ။ အေချင့်တိကို ဇာကျေးဇူးနန့် ငါကမင်းကို ပြောပြနီရစော်လေ။ မင်းက ဒေမှာတောင်မဟိပဲနန့်။ This Room by John Ashbery ကဗျာပိုဒ် Stanzaဆိုစော်ရေ အီတလီစကားလုံး။လုံးကောက်ဆိုကေ Roomအခန်း လို့ဆိုပါရေ။Macaroniက အီတလီအစားအစာတမျိုး။အထက်က Room(Stanza)နန့် ဆက်မိအောင် ထည့်ထားပုံရပါရေ။ ဆိုကေ အက်ရှ်ဘယ်ရီပြောရေ အခန်းရေ ကဗျာ ကဗျာပိုဒ်အဖြစ်ကို ပြောင်းလားပိုင်တွိပါရေ။ သူ့ကဗျာအယူအဆအတိုင်း တခုခုက တောက်ပ တခုခုက ဖုနါးထားကွယ်ထားဆိုစော်ကို ဆက်ရှာရဖို့သဘောလို့ထင်ပါရေ။ ABကို impenetrableလို့ပြောကတ်တေ။ စာချေ ၁၀ကြောင်းလောက်နန့် အုန်းစားခံရစော်လေ့ အရသာတမျိုးမလား။ နိတိုင်းမက်ခရိုနီ ကဗျာတိချည်းဗျာလ်ဖတ်နီကတ်ဖို့လား ယင်းနိက တနင်္ဂနွီနိမှန်း အတွက်ရနီစော် ငုံးသားဖြစ်လို့မလား။ သူက ဇာကျေးဇူးနန့် အေချင့်တိကို ပြောနီ။ ကျနော်ရို့က ဇာကျ...

ဂျွင် အက်ရှ်ဘယ်ရီ ၃

 စိတ်ပူပန်မှု ပြသနာ နှစ်ငါးဆယ်ဟိဗျာလ်ယေ၊ငါ မင်းကို ပြောပြနီခရေ အေ မိုက်မိုက်မှောင်မှောင်မြို့တိမှာ ငါ စလို့နီခစော်။ အေ၊ကောင်းအများကြီးလေ့ မပြောင်းလဲခ။ဒက်ရုံးကနီ ပန်းခြံကို ဇာပိုင်လားရဖို့လဲ ငါ မှန်းလို့မကျနိုင်သိ။ ပန်းသီးပင်တိက ဖာသိဖာသာပန်းပွင့်နီကတ်တေ၊ခိုင်မာရေ ခံယူချက်ကြောင့်တော့မဟုတ်။ပြီးကေ ငါ့ဆံပင်က မှို့စာဖတ်အရောင်။ ဒေကဗျာက မင်းအကြောင်းဆိုပါဖိ၊ ငါ သတိထားပနာ ချန်ပစ်ခစော်တိကို မင်းကဖြည့်ဖို့လား၊ အနာအကြောင်း လိင်အကြောင်း ဖွဲ့နွဲ့စော်တိ၊ ပြီးကေ လူတိက တယောက်ကို တယောက် မရိုးမဖြောင့်ဇာပိုင် လုပ်ကတ်လေဆိုစော်တိကိုပါ့။ မဟုတ်၊ယင်ချင့်တိအားလုံး စာအုပ်တအုပ်အုပ်မှာပါလီဖို့ရာ။မင်းအတွက်  ငါ သီးသန့်ချန်ထားစော်က ကြက်သားဆန်းဝစ်ကို ဖွဲ့နွဲ့စော်တိနန့် ကြီးမီးလင်းဖိုဘောင်ထက်ကနီ ငါ့ကို အံ့အားသင့်ပနာငေးကြည့်နီရေ ဖန်မျက်လုံးရာ၊ပြီးကေ တခါလေ့ စိတ်ကျေနပ်လီဖို့စော်မဟုတ်။ The Problem of Anxiety          အက်ရှ်ဘယ်ရီက တခုခုကိုပြောဖို့ဗျာလ်ပိုင်စီစရေ။နောက်ဖတ်သားမျှော်လင့်ထားစော်တိကို ပြန်ပနာထွီးအောင်စီပျင်ပစ်တေ။ဖတ်သားကို ပါဝင်ခွင့်ပီးရေ။          မျှော်လင...

နာပိုင်မတွိ

နားကို စောင်မပါ ဒေါင်တာ တက်ထြာဆိုင်ကလိန်နန့် နာမည်မပါရေ နားထည့် ဆီး။တရက်ကို သုံးစက်စီ သုံးခါ။ ဒုတိယရိပ်သာလမ်း°အတိုင်း ဘာ့စကာတစီးစားချလာ ငါက ယင်းချင့်ကို နှစ်သံသုံးသံကြား။ ညကညဥ့် ဂျိုး`နန့် ဒပ်ဖ်ဆိုင်´မှာ စားကတ်ခါ ငါ့ခေါင်းကို တဘက်စောင်းထားရရေ၊ ငါ့ ညာဘက်နားကို သူ့စကားသံတိုးတိုးဘားကို ချိန်လို့။ စားပွဲထိုးက ကော်ဖီယူလာခါ အန်နီဆက်* ပါလာလတ်။ ငါက မကြား သူက ဘယ်ဘက်မှာကို ယင်းဘက်နားက ပိတ်နီ နာနီစော်ကို။ နာစော်၊ နာစော်နန့်တူစော် တခုလေ့မဟိ မင်းက ထရံထက်ကိုတက်တေ ထရံက ပြန်ဆင်းလတ်တေ အိပ်ရာထဲဝင် စာဖတ်ဖို့ကြိုးစားရေ။ "အေဆီးတိက အချိန်ယူရဖို့ ထင်ပါရေ"။ နားဆီး အရာထည့်ရဖို့ အရာဆီးတလုံးသောက်ရဖို့ အချိန်ကျဗျာလ်လာ။ တခုပိုင်လေ့မဟုတ်။ သဘာဝအတိုင်း နှစ်နှစ်ခြိုက်ခြိုက် ငါ အရာတခါအိပ်ရပါဖို့သိလား။ မိုးထ ၅နာရီ။ကော်ဖီက တစက်စီကျနီ။ စောစောမှိုင်းမှိုင်း ကားလားကားလာ ငါကို စိတ်ခြူအောင်စီပျင်ခစော် ခုက ဒြီဂို ကဖို့စော်ကိုကြိုပိုင် ကြိုနီရယင့်။မိုးထသား  တဟွတ်ဟွတ်နန့် ခြောင်းခြောက်ဆိုးနီဗျာလ်။ အေ အအိပ်မရောက်ညဥ့်တိမှာ သောက်ခရေ ဆီကလိပ်တိကြောင့်။ အေးလေ တယောက်လေ့  ဥသုံပြည့်စုံစော်ကမဟုတ်။ငါ နာပိုင်မတွိ။ Feeling No Pain ...

ဂျွင် အက်ရှ်ဘယ်ရီ ၂

 မျှော်လင့်ထားရေ လူစိမ်း သွီးဥစော်က နောက်ခါ တန့်လားလိမေ။ အခုတော့ နာစော်က ရောင်းလှည့်စော်ကို တချက်တန့်ထားရေ၊ ရက်စွဲအချိန်ကို လူနာအပူချိန်ကို ချမှတ်တေ၊ လူစားထိုးအတွက် မှတ်စုတခုထားပစ်ခရေ။ လခွီး မင်းဇာလုပ်နီရေလို့ ထင်လေ။ငါ ဆိုချင်စော်က.. ထားပါဖိ၊အနည်းပြောလီကောင်းလီ၊ အားလုံးသူ (ယပိုင်)ပြောကတ်တေ။ ငါ အေချင့်ကို စားပွဲခုံမှာတင်ပစ်ခဖို့။ ဘုရားက ပုံစံကို တွိပနာ ဖျက်ပလိုက်လီဖို့။ The Anticipated Stranger John Ashbery

ဂျွင် အက်ရှ်ဘယ်ရီ ၁

 အက်ရှ်ဘယ်ရီက သတင်းစာတိ၊မဂ္ဂဇိင်းတိ၊ဂန္ထဝင်ပန်းချီတိနန့် တခြားအရင်းအမြစ်တိကနီတဆင့် မြင်ရရေ ပဋိပက္ခဆန်ရေ ကမ္ဘာ့မြင်ကွင်းတိကို ထင်သာအောင်ကောက်နှုတ်ပြတတ်တေ။ fr Publishers Weekly Ashbery ကို Difficult Poet လို့ဆိုကတ်တေ။ မှန်းဆရခက်တေ ကဗျာတပုဒ်ကို ရိုးရေ Catalogueနည်းနန့် ဖွဲ့ထားရေထင်ပါရေ။ သူရို့ ဇာလိုချင်ခလေ သူရို့သိခရေ သူရို့အားလုံး သမီးသျှင်မကို နမ်းခကတ်တေ။ သူရို့အားလုံး ရယ်ခကတ်တေ။ သူရို့ ထိုးအာကာသက လာခကတ်တေ။ သူရို့ ညဉ့်ခါလာခကတ်တေ။  သူရို့ မြို့တမြို့ကို လာခကတ်တေ။ သူရို့ အမေရိကကို ဖောက်ခွဲဖို့လာခကတ်တေ။ သူရို့ လာ့စ်ဗေးဂတ်စ်ကို ဓါးမြတိုက်ဖို့ လာခကတ်တေ။ သူရို့ မချစ်ဝံ့ကတ်။  သူရို့ ဘုတ်ဖိနပ်မချွတ်ပဲ သီခကတ်တေ။ သူရို့ မြင်းတိကို သေနတ်နန့်ပစ်ခကတ်တေ၊မဟုတ်လား။  သူရို့ အကြီးအကျယ်ပေါက်တေ။ သူရို့ ငါလိုစော်ကို လုပ်ပီးကတ်တေ။ သူရို့ နှုန်းချင်းထဲပျံခကတ်တေ။ သူရို့ သူ့ကို သေနတ်တလက်ပီးခကတ်တေ။ သူရို့ အိမ်ထောင်ပြုကတ်ရရုံ။ သူရို့ နီခကတ်။သူရို့ ဘဝကို ချစ်ခကတ်တေ။  သူရို့ ညဥ့်မှာနီကတ်တေ။ သူရို့ ညဥ့်မှာမောင်းကတ်တေ။ သူရို့ မစ္စတာနှိုက်ကို သိခကတ်တေ။ သူရို့က ချဲ့လို့ကားလို့ရရေ။  သူရို့ အ...

ဂျော်ဂျီယာ

ငါ အိပ်နီစော်မဟုတ်ပါ ဂျော်ဂျီယာ ငါ့ ညဥ့်ကို မျှားနန့်ပစ်နီစော်မဟုတ်ပါ ဂျော်ဂျီယာ ငါ စောင့်နီစော်ပါ ဂျော်ဂျီယာ ငါ အတွက်ခံနီစော်ပါ ဂျော်ဂျီယာ မီးက နှင်းပိုင်ဗျာလ်ကာ ဂျော်ဂျီယာ ညဥ့်က ငါ့ အိမ်နားပါးချင်းပါ ဂျော်ဂျီယာ အသံချေတသံချင်းစီကို ငါ နားထောင်နီစော်ပါ ဂျော်ဂျီယာ မီးခိုးက တက်လာပနာ ရွှင့်ပါလားစော်ကို ငါမြင်ပါရေ ဂျော်ဂျီယာ အရိပ်အောက်မှာ ခဲဝါကျားတကောင်ပိုင် ငါ လမ်းလျှောက်နီမိရေ ဂျော်ဂျီယာ ငါ ပြီးနီရေ ဒေမှာ လမ်းတိ မြို့စွန်တိမှာပါ ဂျော်ဂျီယာ ဒေမှာမြို့တမြို့ တူတူဗျာလ် ဒေချင့်ကို ငါ မသိခပါ ဂျော်ဂျီယာ ငါ ဒုန်းစိုင်းနီရေ ဒေမှာ လီပါ ဂျော်ဂျီယာ ပြီးကေ အီးစက်မှုနန့် တိန်းဆိတ်မှုနန့် အကြောက်တရားနန့်ပါ ဂျော်ဂျီယာ ငါ ထွက်ပြီးနီရေ ဂျော်ဂျီယာ ငါ ပြီးနီရေ ဂျော်ဂျီယာ မိုးရိပ်တိက အနိမ့်ချေ သူရို့ပြိုကျဖို့ဗျာလ် ဂျော်ဂျီယာ ငါ့ လက်တိကို ဆန့်ထုတ်လိုက်တေ ဂျော်ဂျီယာ ငါ့မျက်စိတိကို မမိတ်ထားပါ ဂျော်ဂျီယာ ငါ ခေါ်ရေ ဂျော်ဂျီယာ ငါ ငိုရေ ဂျော်ဂျီယာ ငါ ခေါ်ရေ ဂျော်ဂျီယာ ငါ နင့်ကို ခေါ်ရေ ဂျော်ဂျီယာ နင်လာဖို့လား ဂျော်ဂျီယာ ချက်ချင်းပါ ဂျော်ဂျီယာ ဂျော်ဂျီယာ ဂျော်ဂျီယာ ဂျော်ဂျီယာ ဂျော်ဂျီယာ ငါ အိပ်နီစော် မဟုတ်ပါ ဂျော်...

Paul Eluard ကဗျာဆကေ

 Curfew ငါရို့ အရာ ဇာပျင်ကတ်ဖို့ ၊ တံခါးတိကို စောင့်ကြည့်နီကတ်တေအခါ ငါရို့ အရာ ဇာပျင်ကတ်ဖို့ ၊ ယင်းသူရို့က ငါရို့ကို အချုပ်ချထားရေအခါ ငါရို့ အရာ ဇာပျင်ကတ်ဖို့ ၊ လမ်းတိကို ငါရို့အတွက် ပိတ်ပင်ထားရေဆိုခါ ငါရို့ အရာ ဇာပျင်ကတ်ဖို့ ၊ မြို့က အိပ်မောကျနီဗျာလ်ဆိုခါ ငါရို့ အရာ ဇာပျင်ကတ်ဖို့ ၊ သူ(မ)က ဝမ်းဆာ ရီငတ်နီရေ ဆိုခါ  ငါရို့ အရာ ဇာပျင်ကတ်ဖို့ ၊ ငါရို့က အကာအကွယ်မဟိဖြစ်နီကတ်တေဆိုခါ  ငါရို့ အရာ ဇာပျင်ကတ်ဖို့ ၊ ညဥ့်က ကျလာဗျာလ်ဆိုခါ ငါရို့ အရာ ဇာပျင်ကတ်ဖို့ ၊ ငါရို့က ချစ်နီကတ်ဗျာလ်ဆိုခါ Liberty  ငါ့ ကျောင်းစာအုပ်တိထက်မှာ ငါ့ စာဖတ်ခုံထက်မှာ အပင်တိထက်မှာ နှင်းသဲပွင့်တိထက်မှာ နင့်နာမည်ကို ငါရီးရေ  ငါဖတ်ခရေ စာမျက်နှာတိထက်မှာ စာရွက်ဖြူတိအားလုံးထက်မှာ ကျောက်တုံး၊သွီး၊စက္ကူမှာဖြစ်ဖြစ် ပြာမှာဖြစ်ဖြစ် နင့်နာမည်ကို ငါရီးရေ  ရွှီပုံရိပ်တိထက်မှာ စစ်သည်ရို့ လက်နက်တိထက်မှာ သျှင်ဘုရင် သရဖူထက်မှာ နင့်နာမည်ကို ငါရီးရေ  ညဉ့်ခါသား အံ့ဩဖို့ကောင်းစော်တိထက်မှာ နိဘက်သား ပေါင်မုန့်အဖြူတိထက်မှာ ဆက်စပ်နီရေ ရာသီဥတုတိထက်မှာ နင့်နာမည်ကို ငါရီးရေ  တောကြီးမျက်မဲနန့် ကန္တာရထက်မှာ အသိုက်တိ...

Vicente Huidobro ကဗျာဆကေ

 Ars Poetica ကဗျာက အခန်းပေါင်းတထောင်ကို ဖွင့်ရေ  သော့တချောင်းနန့်တူပါစီ။ အရွက်တရွက်ကြွီကျ၊ တခုခု အနားကဖြတ်ပျံလား။ မျက်စိနန့် မြင်ရစော်အားလုံး ဖန်တီးထားစော်ဖြစ်ပါစီ၊ နားထောင်သားစိတ်ဝိဉာဉ်က မခွဲနိုင်မခွာနိုင်နန့် ကြက်သီးဖြန်းဖြန်းထနီပါစီ။ ကမ္ဘာသစ်တိကို အိမ်မက်မက်၊ စကားလုံးကို သတိထား။ အသက်ကို မပီးနိုင်ခါ  နာမဝိသေသနက သတ်တေ။ ငါ့ရို့ခန္ဓာတိက အာရုံကြောခေတ်တခေတ်မှာ။ ကြွက်သားတိက တွဲလောင်း  ပြခန်းတခုက အတွက်ရမှု°ပိုင်။ ယေလေ့ အေချင့်နန့်ပတ်သက်ကေ ငါရို့က အားမနည်း။ ရမ္မက်*အစစ်က  ခေါင်းထဲမှာဟိစော်။ အဝေ ကဗျာဆရာရို့ ဇာကျေးဇူးနန့် နှင်းဆီအတွက် တေးခြင်းဆိုနီကတ်လေ။ နင်ရို့ကဗျာမှာ သူ့ကို ပွင့်လာအောင်လုပ်ကတ်။ နီမင်းအောက်က အရာအားလုံးက ငါရို့အတွက်ရာ ဟိနီကတ်စော်။ ကဗျာဆရာဆိုစော် ဘုရားချေတပါး။ °Memory *passion VH က ဗမာပြည်လွတ်လပ်ရေးမရခင် ၂ ရက်အလိုက သီရေ လက်တင်အမေရိက အဟောင်းအဆွီးဖြစ်ပါရေ။ လက်တင်အမေရိက က တမူထူးရေ Surrealism ကိုဦးဆောင်ခရေလူလို့ ဆိုပါရေ။ဖန်ဆင်းခြင်းဝါဒ Creacionismoဆိုပနာ ပျင်ခရေဆိုပါရေ။အေကဗျာရေ ယင်းဝါဒကြေငြာစာတမ်းလို့ ပြောလို့ရရေလို့ ဆိုကတ်တေ။နရူဒါ ပါ့ဇ် မားကပ်စ် ဘော်ရဂဲ မှ အ...

Poete maudit ဘုရားကျိန် ခံရရေ ကဗျာဆရာတိ

                 ၁၉ ရာစု ကုန်ခါနီး ပြင်သစ်ကဗျာဆရာ တချို့ကို စလို့ခေါ်ကတ်တေ အသုံးဆိုရပါဖို့။Alfred de Vigny က ၁၈၃၂ ကရွီးခရေ သူ့ဝတ္ထုတပုဒ်မှာ 'ကဗျာဆရာတိစော် ကမ္ဘာမှာ ဩဇာအာဏာဟိရေ လူတိုင်းဘားမှာ အကျိန်ခံရဖို့ အမျိုးတိ"ဆိုပနာ စလို့ရီးခရေလို့ဆိုပါရေ။ ယေလေ့ အေအသုံးတွင်ကျယ်လာစော်က ၁၈၈၄မှာ Paul Verlaine ရီးခရေ အကျိန်ခံကဗျာဆရာတိဆိုရေ စာအုပ်ချေတအုပ်ကို ထုတ်ပီးခါမှလို့ဆိုပါရေ။ယင်းစာအုပ်မှာ ယင်းခေတ်က ပြင်သစ်ကဗျာဆရာတချို့(Rimbaud,Mallarme,Corbiere)၏ ကဗျာတိကို သူ့ သုံးသပ်ချက်တိ၊ပုဂ္ဂလိကအကြောင်းအရာတိကို အခြီခံပနာရီးခရေဆိုပါရေ။သူကိုယ်တိုင်ရီးရေ ကဗျာဆကေလေ့ ပါခပါရေ။သူရို့ကဗျာသစ်တိ၏ သင်္ကေတ၊နိမ်ိတ်ပုံတိက ဝေဝါး ဖမ်းဆုပ်ရ ခက်လို့ သူရို့ကိုယ့်တိုင်နန့် သူရို့အသိုင်းအဝိုင်းကရာ ယင်းခေတ်က နားလည် လက်ခံနိုင်ခကတ်တေ။ အနုပညာမသိ၊အသိပညာမသိရေ ယင်းခေတ်ဘူဇွာလရတတ်တိ(Bourgeois philistines)က အားပီးရမှန်းမသိ၊အသိအမှတ်ပြုရကတ်မှန်းမသိခကတ်လို့ဆိုပါရေ။                အင်္ဂလိပ်အဘိဓာန်လာမှာ cursed ဆိုစော်ရေ အရည်အသွေးမှန်ကေလေ့ ထိုက်သင့်သလောက် အသိအမှတ...

အလှ

  အို အနိစ္စမျိုးရို့ အကျွန်က ကျောက်တုံး အိမ်မက်တခုပိုင်လှရေ ယောက်ျားတယောက်စီ အလှည့်ကျဒဏ်ရာရခကတ်တေ အကျွန့်ရင်သားက ဒြပ်တခုပိုင် နစ္စမြဲပနာ တိန်းဆိတ်တေ အချစ်တခုကို ကဗျာဆရာဆရာ ခံစားမိအောင်ပျင်ရေ  နားလည်မှုအလွဲခံရရေ စဖင့်ပိုင် အကျွန်က ကောင်းကင်ဘုံမှာ နီထိုင်ရေ နှင်းနှလုံးသားကို ငန်းရို့၏ ဖြူစင်မှုနန့် အကျွန်ပေါင်းပီးရေ  လိုင်းတိကို ရွိအောင်ပျင်ရေ လှုပ်ယှားမှုတိ အားလုံးကို အကျွန်မုန်းရေ အကျွန်က တခါလေ့ မငို အကျွန်က တခါလေ့ မရယ်  ဂုဏ်အမောက်ဆုံး ရုပ်ထိုတိဘားက ငှားလာခပိုင်မျိုး အကျွန့် ကိုယ်ဟန်ပြစော်တိရှိမှာ ရိုးရိုးကုပ်ကုပ်လေ့လာယင်းနန့် ကဗျာဆရာရို့က နိတိရက်တိကို ကုန်ကတ်တေ  အေ ကျိုးနွံရေ ချစ်သူတိကို စိတ်ကူးဆန်းစီဖို့ အားလုံးကို ပိုလို့လှစီရေ မှန်ပြင်ကြိုင်ကြိုင်တိ အကျွန့်မှာ ဟိရေ ဆိုခါလေ အကျွန့် မျက်လုံးတိ၊ထာဝရအလင်းနန့် အကျွန့်မျက်လုံးကျယ်တိ Beauty Charles Baudelaire

SPLEEN

နှင်းဆီတိက အားလုံးအနီ အိုင်ဗီတိက အားလုံးအမဲ အဝေ နင့်မျက်နှာ တချက်အလွှဲမှာ ငါ့ အပူက အညာရီပြန်ပေါက်လာ အာကာက ကောင်းပင် ပြာ ကောင်းပင် နု ပင်လယ်ကလေ့ ကောင်းပင်စိမ်းနန့်   လီမှာကရာ အားပျော့ပျော့နန့် ရက်ရက်စက်စက် နင် ထွက်လားလီဖို့ကို ငါ့မှာ ရက်ပြတ် ကြောက်နီလီရမှန်း နင်ရာသိဖို့ဆိုကေလေ ပြောင်ပြောင်လက်လက် ဟော်လီပင်တိ လင်းလင်းပပ ရွှေတဆုပ်တိ အနားသပ်မဟိရေ ကျွန်းနယ်အကျယ် ငါ ကောင်းပင် ညီးပါရေ  အားလုံးကိုပါဗျာလ်ဝေ နင့်ကိုကလွှဲကေ Paul Verlaine အေကဗျာကို အင်္ဂလိပ်ပြန်စော် အမျိုးမျိုး အများစုက Literal/fidelity ထက် liberal/creative တိများရေ Spleen ဆိုစာလေ့ သရက်ရွက်ဆိုစော်ထက် ကိုယ်ရို့မှာဆိုကေ သည်းခြီနန့် ပိုနီးစပ်ဖို့ ပြင်သစ်စာ ဆကေတတ်မှ အဆင်ပြေဖို့

GREEN

 ဒေမှာ သစ်သီးတိ ပန်းတိ အရွက်တိ အကိုင်းအခက်တိ ဒေမှာ နင့် ယှိုက်ဖိုသံတိအတွက်ရာ ခုန်တတ်တေ ငါ့နှလုံးသား နင့် နှင်းဖြူလက်ချေတိနန့် မဖျက်ခြွီလိုက်ပါကေ့ ငါ့ မျက်နှာငယ်လက်ဆောင်တိက နင့်မျက်လုံးတိအတွက် ပသာဒဖြစ်ပါစီ နှင်းစက်တိအစွတ်ရေဖတ်နန့်ရာသိ ငါ နင့်ဘားကိုလာလတ်စော် ဒေက ငါ့မျက်နှာထက်မှာ အရုဏ်လီက ခဲပစ်ခရေ နှင်းစက်ကို နင် မြင်မလား ငါ့ ပင်းပန်းမှုကို နင့်ခြီတော်ရင်းမှာ လဲခွင့်ပြုပါ ဂုဏ်သရေကို ခွါချခရေ ချစ်ကောင်းထမန့် တဒင်္ဂချေတိကို အိမ်မက်မက်ခွင့်ပြုပါ နောက်ဆုံးအနမ်းတိနန့် ပဲ့တင်ဟပ်နီသိရေ နင့်ရင်သားနုနုတိထက်မှာ  ငါ့ခေါင်းကို မျှိုင်းတင်ထားခွင့်ပြုပါ ဒေမုန်တိုင်းကြီးကို ထွက်လားခွင့်ပြုလိုက်ပါ နင်လေ့ နားနီဗျာလ်ဆိုခါ ငါ့ကိုတချက်ချေတော့ အိပ်ခွင့်ပြုပါဝေ Paul Verlaine

Seize the Day Poetry ပစ္စုပ္ပန်ကို လက်မလွတ်ကေ့ ကဗျာ

           carpe diem ဆိုရေ လက်တင်စကားစုကို 23 BC မှာဟိုးရေ့စ် Horace ရီးရေ တမ်းခြင်းကဗျာစု Odes မှာ စသုံးခပါရေ။ယင်းမတိုင်ခင်ကပင် အေသဘောတရားကတော့ခါ ကဗျာနယ်မှာ ဟိနီပီးသားလို့လေ့ ပြောကတ်ပါရေ။ ကမ္ဘာ့ အစောဆုံးကဗျာတိထဲ တပုဒ် ဖြစ်တေ Gilgamesh မှာတောင်တွိရေ ဆိုပါရေ။          'အေနိကို ခူးဆွတ်ပါ နက်ဖန်ဆိုစော်ကို အတတ်နိုင်ဆုံး အနည်းဆုံး ယုံ/မျှော်" carpe diem, quam minimum credula postero. ဆိုပနာ ဟိုးရေ့စ်ကရီးခပါရေ။          အင်္ဂလိပ်တိက carpe diem ကို seize the day လို့ ဘာသာပြန်ကတ်လေ့ဟိပါရေ။ကိုယ့်စကားနန့် အလွယ်ပြောရဖို့ဆိုကေ အေနိ ကို မလွတ်တန်းအသုံးချကတ် ဆိုစော်မျိုး ပြောရဖို့ထင်ပါရေ။ပစ္စုပ္ပန်ကို တည့်တည့်ရှူ ဆိုစော်မျိုးနန့် ဆင်ပါဖို့။ အတိတ်ကို ဆွေးမနီကေ့ အနာဂတ်ကို တွေးမနီကေ့ ဆိုရေ သဘော။           နောက်ပိုင်းမှာ လက်တင်ကနီ အင်္ဂလိပ်သို့ ဘာသာပြန်အလွဲ ဆိုပနာလေ့ ပြောကတ်စော်တိဟိပါရေ။ carpe ဒါရိုက် အဓိပ္ပာယ်က pick or pluck ခူးရေ ဆွတ်တေ လို့ဆိုပါရေ။အေမှာလေ့ အရာ သဘောကွဲကတ်စော်က မမှည့်ခင် ခူးလား ...

ကမ္ဘာ့နိဂုံး ရတု

ကမ္ဘာ နိဂုံးချုပ်တေနိမှာ ပျားတစ်ကောင်က ကလိုဘာပင်ကို ပတ်လို့ပျံနီရေ ငါးဖောက်သည် တစ်ယောက်က အရောင်တလက်လက် ပိုက်ကို ဖာနီရေ ပျော်ကြီးကျ လင်းပိုင်တိ ပင်လယ်မှာ ခုန်နီကတ်တေ ရီတရှောက်ဘေးမှာ စာစိကေတိ ကစပ်နီကတ်တေ ရက်ပြတ်  ဖြစ်သင့်ရေ အတိုင်းဗျာလ်   မြွီက ရွှီရောင် အရီခွံနန့် ကမ္ဘာ နိဂုံးချုပ်တေနိမှာ မိန်းမတိ ထီးဆောင်းပျာလ် လယ်ပြင်သန်းနီကတ်တေ ယစ်ဖွေတစ်ယောက် မြက်ခင်း အစွန်မှာ အိပ်ငိုက်နီလီရေ ဟင်းသည်တိ လမ်းထက်မှာ အော်ရောင်းနီကတ်တေ ရွက်ဝါလောင်းတစ်စင်း ကျွန်းနားသို့ ပါးလာရေ တယောသံ တစ်သံ လီထဲမှာရွှင့်လို့ ကြယ်ပေါက်ညဉ့် တစ်ညဉ့်သို့ထိ ဆောင်လာရေ လျှပ်စီး နန့် မိုးကြိုးကို မျှော်ခရေလူတိ စိတ်ပျက်လားခကတ်တေ နမိတ်ကြီး နန့် တမန်တော် တံပိုးကို မျှော်ခရေလူတိ  စိတ်ပျက်လားခကတ်တေ ခု ဖြစ်ပျက်နီဗျာလ်  ဆိုစော်ကို မယုံကတ် နီ နန့် လ အထက်မှာ ဟိနီသမျှ ပျားပတုံးတိ နှင်းဆီဘားသို့ ရွာလည်နီသမျှ အချေရဲရဲချေတိ မွီးနီနီသမျှ ခု ဖြစ်ပျက်နီဗျာလ် ဆိုစော် တစ်ယောက်လေ့ မယုံကတ် ခေါင်းဖြူဝါကြီးတစ်လုံးရာ ပရောဖတ်ဖြစ်ဖို့လူ ခုတော့မဖြစ်သိ သူကလေ့ ကောင်းအလုပ်များနီရေ ခရမ်းချိုင်သီးကို စည်းယက်ပင်း တပြတ်ပြတ်ပြောနီရေ ကမ္ဘာမှ...

ယစ်နီ

 ရက်ပြတ် ယစ်နီရဖို့။လုပ်ဖို့ဟိစော်က ယင်းချင့်ဗျာလ်၊တခုထဲသောနည်းလမ်းဗျာလ်ချင့်။မင်းခါးကိုကုန်းပါအောင်၊မြီကို ငုံ့လီအောင်ပျင်ရေ အချိန်ကာလ၏ကြောက်ကောင်းထမန့် အလီးကိုမခံစားမိဖို့ မင်း ရက်ပြတ် မတန့်တန်းယစ်နီရဖို့။ ယေလေ့ ဇာချင့်နန့်လဲ။ ဝိုင်၊ကဗျာ၊သုစရိုက် မင်းခြီစော်နန့်ဗျာလ်ယေ။ယစ်လို့ကတော့ နီရဖို့။ တခါတလီ နန်းတော်လှီကားထစ်ထက်မှာ၊ကျင်းက မြက်တောစိမ်းထက်မှာ မဟုတ်တာ့ ဆွေးဖို့ကောင်းရေ နှုန်းချင်းထဲ မင်းအခန်းထဲမှာ မင်းပြန်ပနာ နိုးလာလတ်ခါ အယစ်လျော့နီ  ပြေနီဗျာလ် ဆိုကေ လီကို၊ လှိုင်းကို ၊ကြယ်ကို၊ငှက်ကို၊နာရီကို၊ပျံနီစော်အားလုံးကို၊ ကြိုင်းနီစော်အားလုံးကို၊လိမ့်နီစော်အားလုံးကို၊ဆိုနီစော်အားလုံးကို၊ ပြောနီစော်အားလုံးကို ဇာအချိန် ဟိဗျာလ်လေမီးကြည့်၊ လီ လှိုင်း ကြယ် ငှက် နာရီရို့က ဖြေကတ်လိမေ "ယစ်ဖို့ အချိန်ကျဗျာလ်၊အချိန်ကာလမှာ အာဇာနည်ကျွန်မဖြစ်လီဖို့ ယစ်နီ၊ရက်ပြတ် ယစ်နီ။ဝိုင်နန့် ဖြစ်ဖြစ် ကဗျာနန့်ဖြစ်ဖြစ် သုစရိုက်နန့်ဖြစ်ဖြစ် မင်းခြီစော်နန့်ဗျာလ်ယေ။ Be Drunk 

အဦးဆုံး သဖန်းသီး

ငါ့ဖယောင်းတိုင်က အဖျားနှစ်ဘက်လုံးက လောင်နီရေ ညဥ့်ခါသားတော့ ခံလီဖို့မဟုတ် အဝေ ငါ့ရန်သူရို့ အဝေး ငါ့မိတ်ဆွေရို့ ယေလေ့ ချစ်ကောင်းထမန့်တော့ လင်းနီရေနန်း First Fig My candle burns at both ends; It will not last the night; But ah, my foes, and oh, my friends– It gives a lovely light. Edna St. Vincent Millay

အေနိ ပြုံးနီရေ ပန်း

အေနိ ပြုံးနီရေ ပန်း နက်ဖန်ခါ သီဖို့ ငါရို့ ဆက်ဟိစီချင်စော်တိ အားလုံး သွီးဆောင်ကတ် ပြီးကေ ပျံလားကတ်တေ ဒေလောကသုခက ဇာလေ ညဥ့်ကို နှပ်တေ လျှပ်စီး ထိန်ပါကေလေ့  တချက်ချေ  သုစရိုက်၊ ဇာပိုင် ပျက်လွယ်လေချင့် မိတ်သဟာယ၊ ဇာပိုင် ယှားလီလေ့ချင့် မိတ္တာ၊ ဂုဏ်မောက်တေ အပူဝေဒနာအတွက် သနားကောင်းထမန့် အပျော်ကိုရာ ဇာပိုင် ပီးလီလေချင့် ယင်းချင့်တိက ချက်ချင်း ပျက်စီးလားကတ်ကေလေ့ သူရို့ဘားက အပျော်နန့် ငါရို့ အပိုင်ဆိုစော်အားလုံး ငါရို့ဘားမှာ ရှင်ခံကျန်ခရေ  အာကာတိက ပြာလွင် တောက်ပနီချိန် ပန်းပွင့်တိက မြူးပျော်နီကတ်ချိန် ပြောင်းလဲတတ်တေ မျက်လုံးတိက ညဥ့်မကျခင် နိဘက်ကို ပျော်အောင်ပျင်နီချိန် ငြိမ်ဆိတ်တေ အချိန်က တိတ်တိတ်ချေ လာနီချိန် အိမ်မက်မက်ဖို့  ပြီးကေ အအိပ်ကနီ နိုးပါလတ်ဖို့ ငိုဖို့။ ရှယ်လီ Carpe diem Seize the Day Poetry 1

တခု​ကျောက်တုံးအတွက်​လေ့ မဟုတ်​တေ သင်္ချိုင်းစာ

 မီဆိုအက် က ငါ့ရွာ၊ ညဥ့်ဆန်​ရေ အသံဝဏ္ဏ သုံးလုံး နီမျက်နှာကို တ၀က်အုပ်ထား​ရေ အရိပ်မျက်နှာဖုံး။ ဖုန်တိမ်တိ လာပနာ ရွာကို စားပစ်​​ကတ်တေ။ ငါက ပြီးလို့လွတ်ခပနာ ကမ္ဘာကိုပတ်လို့လား​ရေ။ စကားလုံးတိက ငါ့အိမ်၊ လီက ငါ့ သင်္ချိုင်းဂူ။ ​အော်တားဗီးယိုး ပါ့ဇ် Epitaph for no stone

လှိုင်းကာကျောက်တုံး

 ၁ ပန်းပွင့် ငိုသံ၊ စူးထစ်၊သွား၊အူသံတိ အသားစား ဗလာနတ္ထိနန့် သူ့ကမောက်ကမ အေပန်းပွင့်ရိုးရိုးချေရှိမှာ ယင်းချင့်အားလုံးပျောက်လားခရေ ၂ သူ(မ) ညဉ့်တိုင်း ရီတွင်းထဲကို သူဆင်းရေ နောက်နိမိုးထတိုင်ကေ ပြန်လို့စီပေါ်လာရေ လက်မောင်းမှာ မြွီအသစ်တကောင်စီနန့် ၃ အတ်ထုပတ်တိ သူဖြစ်နိုင်ခစော်တော့ခါ မဟုတ် သူဖြစ်ခစော်ရာ သူဖြစ်ခစော်က သီပျာလ် ၄ ညဉ့်ခါသား ခေါင်းလောင်းတိ အရိပ်လှိုင်းတိ အကန်းလှိုင်းတိ မီးလောင်နီရေ နဖူးထက်မှာ ငါ့စိတ်ကူး အတွက်ရီ ၅ တံခါးမှာ လူတိ၊ စကားလုံးတိ၊ လူတိ ငါ တွန့်ဆုတ်နီခရေ ထိုးအထက်မှာ လ၊ နှုန်းချင်း ၆ အမြင် ငါ့မျက်စိကို မှိတ်လိုက်တေအခါ ငါ့ကို ငါမြင်ရေ နီရာ ငါ ဟိနီစော်နန့် မဟိနီရေနီရာ ၇ မြင်ကွင်း အတန့်မရ အလုပ်များနီရေ ပိုးကောင်တိ နီရောင် မြင်းတိ မိုးရိပ်အရောင် မြည်းတိ မိုးရိပ်တိ၊ တခုအလီးလေ့ မဟိရေ ကျောက်ဆောင်ကြီးတိ ရွှီမှုန်ကြဲ အာကာတိပိုင် တောင်တိ ချောင်းချေမှာ ရီသောက်နီကတ်တေ အပင်တအုပ် ယေမှာ သူရို့အားလုံး ဟိနီကတ်တေ ယေမှာ ဟိနီရစော်မှာ သာယာလို့ အေမှာ ငါရို့မဟုတ်တေလူတိလေ့ ငါရို့မဟုတ်ပဲနန့် ဒေါသ၊ အမုန်း အစားခံရရေ အချစ် ၊သီမင်းရို့ဘားမှာ ငါရို့အစားခံလို့ ၈ စာမတတ်ပေမတတ် ငါ အာကာကို မျက်နှာမော့ကြ...

ဖောဌဗ္ဗ

 ငါ့ လက်တိ နင့်ဖြစ်မှု လိုက်ကာတိကို ဖွင့်လိုက်တေ ပိုလို့ လင်းကြဲကျအောင် နင့်ကို ဝတ်ပီးရေ နင့်ခန္ဓာ၏ ခန္ဓာတိကို ခွါရေ ငါ့လက်တိ နင့်ခန္ဓာအတွက် အခြားခန္ဓာတစ်ခုကို ဖန်တီးရေ Touch OctavioPaz

ကလေး

 သမီး*ရဲ့ ကြည်လင်တဲ့မျက်လုံးက ​ ခြောက်ပြစ်ကင်း လှပတဲ့ အရာတခု။ အဲမျက်လုံး​လေးကို  အ​ရောင်နဲ့ ဝမ်းဘဲ​တွေနဲ့ အ​မေဖြည့်​ပေးချင်တာ။ တိရစ္ဆာန်ဥယျာဥ် အသစ်  သူတို့ရဲ့ နာမည်​တွေကို သမီးက စွဲ​နေအောင် မှတ်​နေမှာ (နှင်းပန်းဖြူ**၊ မှိုပန်းဖြူ***)  အတွန့်အ​လိပ်တွေမရှိတဲ့ ညှာတံက​လေး​ ရေကန်က​လေး အဲ​မှာ ထင်​နေတဲ့ပုံရိပ်​တွေက ခမ်းနားရမှာ ဂန္ထဝင်ဆန်​နေရမှာ။  ​သောကနဲ့ ဂနာမငြိမ်ဖျစ်ညှစ်​နေတဲ့ ဒီလက်​တွေ ကြယ်​လေးတလုံး​တောင်မရှိတဲ့ ​ဒီ​မှောင်​မှောင်မဲမဲ မျက်နှာကြက်​တွေ ရှိမ​နေသင့်ဘူး​လေ။ ChildBySylviaPlath * မူရင်းမှာYourသားရယ် သမီးရယ်လို့ ​ဖော်ပြမထား **April Snowdrop အဘိဓ္ဓါန်လာမှာ နှင်း​ခေါင်း​လောင်းပန်း အ​နောက်ဘက်အယူမှာ ဒီပန်းကPurity Innocenceစတာ​တွေကို ကိုယ်စားပြုတယ် ဆိုတယ် ***Indian pipes မှိုနွယ်ပန်းတမျိုး ကဗျာရဲ့ အ​မှောင်ခြမ်းက အဲမှာစတယ် ဆိုရမယ် IPကိုGost Plant Corpse Plant လို့လဲ​ခေါ်ကြတယ်

အသီမွီး

အေကဗျာတိ မရှင်ပျာလ် ၊ ဝမ်းနည်းဖို့ကောင်းရေ ဆီးစစ်ချက် သူရို့ ခြီချောင်း လက်ချောင်းချေတိ အင်တန် ဖွံဖြိုးခပျာလ် သူရို့ နဖူးချေတိ ပြည့်တင်းလို့ မောက်နီခပျာလ် အရာလူရို့ပိုင် လမ်းလျှောက်လားခွင့်နန့် လွဲခရကေလေ့ ယေစာရေ အမိအချစ်မဟိလို့တော့ခါ မဟုတ်ပါဝေ သူရို့ ဇာတိဖြစ်လားခလေ အကျွန်နားမလည် ပုံစံ အရေအတွက် အစိတ်အပိုင်းတိုင်း ပုံမှန်ပါရာ စိမ်ရည်ထဲမှာ ကောင်းအလှပချေ ထိုင်နီကတ်တေ သူရို့ ပြုံးကတ် ပြုံးကတ် ပြုံးကတ်တေ  အကျွန့်ကို ပြုံးကတ်တေ ယေလေ့ အဆုတ်တိက ပြည့်ဖောင်းမလာ နှလုံးက စလို့ အလုပ်မလုပ်ခဝေ သူရို့မှာ ဝက်ပယှောင် ငါးပယှောင် အနံအသက်မျို းဟိကေလေ့  သူရို့က ဝက်တိမဟုတ် ငါးလေ့မဟုတ်ပါဝေ သူ့ရို့ အသက်ရှင်ခကေ ပိုကောင်းဖို့ ဟုတ်တေ ရှင်ခရဖို့ သူရို့ ပေါပေါနှမ်းနှမ်းနန့်  ငေးလို့ရာကြည့်နီကတ်တေ ​ယေ​လေ့ သူရို့ကသီခပျာလ် သူရို့အမိ​လေ့ ​သောကဟုန်နန့် သီဖို့မတတ် သူရို့ သူ(မ)အကြောင်းမပြောပြနိုင်ကတ် Sillborn by Sylvia Plath

ပျားသေတ္တာ *ရောက်တေ

အေချင့်ကို အကျွန်မှာထား​စော်၊ ​အေသစ်​သေတ္တာ သန့်သန့်​ချေကို။ ခုံတခုံပိုင် ​လေး​ထောင့်၊ ထမ်းဖို့ပင် လီး​ရေ။ လူမှင်စာ​ချေတ​ယောက် အ​ခေါင်း၊ ​လေး​ထောင့်အ​ချေတ​ယောက် အ​ခေါင်းလို့ အကျွန်ပြောမိလီဖို့၊ ယင်း​သေတ္တာထဲမှာ ​အေပိုင် ကျွကျွဆူသံရာ မဟိခ​ကေ​။  ​သေတ္တာကို ​လက်ခုပ်သီးခပ်ထား​ရရေ၊ အန္တရာယ်များ​ရေ​။ ယင်း​သေတ္တာနန့် အကျွန်တညဥ့်လုံးနီလီရဖို့ ၊ အဝီးက ခွာလို့က​လေ့ မနီနိုင်။ ပြတင်း​ပေါက်တိမပါလို့ အထဲမှာဇာတိဟိလီ​လေ အကျွန်မမြင်ရ။  ဇကာ​ချေတခုရာပါ​ရေ ၊ထွက်​ပေါက်ကမဟိ။  ဇကာနားကို မျက်စိကပ်လို့ကြည့်လိုက်​တေ၊ မိုက်နီ​ရေ မိုက်နီ​ရေနှုန်း။ ပြည်ပကိုပို့ဖို့အတွက် အငယ့်​ချေကျုံ့ထား​ရေ အာဖရိကန်လက်တိ၊ အမဲထက်မှ အမဲဆင့်လို့၊ ​ဒေါသတကြီးနန့် ရပိုင်တွယ်တက်နီကတ်​တေ  အစုလိုက် အကျိုင်လိုက် ခံးစားချက်မျိုး။  သူရို့ကို အကျွန်ဇာပိုင် ရွှတ်ပီးရဖို့။ အရာ​စော်တိအားလုံးထက် အကျွန့်ကို အ​ခြောက်ဆုံးက ဆူသံဗျာလ်။ ဇာတိမှန်းမသိ​ရေ အသံတိ။ ​ရောမသား ​သောင်း​ပြောင်းတကျိုင်ပိုင်၊ လုံးချင်းစီဆို​ကေ အငယ့်​ချေ၊ စုကျလားခ​ကေ​တော့ ဘုရားတရားပျာလ်။  ဒေါသထွက်နီ​ရေ လက်တင် စကားသံကို နားစိုက်​ထောင်ကြည့်​ရေ၊ အကျွန်က ဆီဇာ...

ဌာနီကို စွန့်လို့ခွါရေ

"နင် အေနီရာမှာ နီလို့ ကောင်းရိုင်းပါလတ်ပျာလ်။ နင် အေကထွက်လားသင့်ရေ အချိန်ကျနီပျာလ်။ "လို့ ကျနော့်အမိကပြောရေ။ "ဇာကိုလားရဖို့လဲ ဗန်နီဇွဲလားကိုလာ" "မဟုတ် ဗန်နီဇွဲလားကိုတော့မဟုတ် အခြားတနီရာကို ။ ဗန်နီဇွဲလားကို နင်ခြီချစော်နန့် နင့်ကို ထောင်ထဲကို တန်းလို့ ပို့လိုက်ကတ်လိမေ။ ငါ နင့်အကြောင်းကိုလေ့ သိရေ ဗန်နီဇွဲလားအကြောင်းကိုလေ့ သိရေဟေး မရ အရာတနီရာကိုပို့ရဖို့" "ဟုတ်ပျာလ် ယကေ မေမေရာ စဉ်းစားလို့ ဆုံးဖြတ်လီဖိ" "ငါ ပဏ္ဍိတ်ဘားကို လားလို့ ပြောခီရဖို့ သူက နင့်အဖ သူငယ်ချင်း နင် အေက လားမှရာ ဖြစ်ဖို့ပျာလ် နင်ကောင်းရိုင်းပါလတ်ပျာလ်။" ကျနော့အမိပြောစော် မှန်လီပါဖို့။ အလှပသတိမထားမိကေလေ့ ကျနော် ဆကေရိုင်းပါလတ်စော်တော့ အမှန်။ အရက်ကိုလေ့ ကျွဲရီသောက်ပိုင် သောက်တတ်ပါလတ်တေ။ တခြားစော်တိလေ့ အများကြီးတတ်ပါလတ်တေ။ အရက်က ကာစတင်ရုံးက စသောက်တတ်စော်။ ယင်းမှာက အကြောင်းဆကေဟိစော်နန့် အရက်တိကို သိမ်းလို့ရစော်ကို။ ပထမခါ အရက်နံ့ရကေ ကျနော် ဆကေပျို့ချင်အန်ချင်ပိုင်ဖြစ်တေ။ ယကလေ့ ကျနော်က ကိုယ့်ဖို့အားတင်းရေ။ "အေတောင်ကို ငါကျော်နိုင်ဖို့စော်ရာ ဆီးသောက်ပိုင်သောက်ရဖို့ နှခေါင်းမော့...

ကြွက်

နီသာရေ မိုးထသားအတွင်းထဲသို့ ဝင်လိုက်တေ။ ကျွီးသံကို ရက်ပြတ် ကြားနီရပိုင်ပျာလ်။ ကျွီးသံက ကောင်းကောင်းပင်ကျယ်ခါ ငါရို့မကြားနိုင်ကတ်။ ညက ညဉ့်အမှောင်က ကျွီးသံကို လွတ်ပီးလိုက်တေ။ အေနိမိုးထမှာကျခါ ကျွီးသံအဖြူက ပြန့်လားခရေ။ပြီးကေ လီထဲမှာ စုပါလတ်တေ။ အား အား အား အား။ ညဉ့်သန်းခေါင်မှာ မီးထွန်းကတ်စော်က အမှောင်ကို ဇာလောက်နာကြင်စီလေဆိုစော်ကို လူတိသိကတ်ယင့်လား။ ယေဇူးနန့်က ငါ့မှာ ညဉ့်ကျလာကေတောင်မီးကိုမဖွင့်ဝံ့။ ပထမဆုံးနှင်းကျရေ နိမှာ ငါ့ ခန္ဓာကို ရိုက်မှန်တင် ကြည့်ရေ။ ပြီးကေ တွိသမျှ လူတိုင်းကို ငါလိုက်မီးရေ။ နင့်အူအတွင်းထဲမှာ နင်မီးထွန်းဖူးလာ။ အရည်ထုနန့် အမှောင်က အူအတွင်းထဲမှာ မတန့်တန်းလာနီရေ....အေချင့် ငါ့အနှစ်သာရလား။ ငါ့အမှောင်အတွင်းထဲမှာ မီးကိုဖွင့်လိုက်ကေ ငါက အချုပ်ခံရရေ ပိုးကောင်ချေပိုင် တစီစီမြည်ရေ။ စီ စီ စီ စီ ။ပြီးကေ ငါ့ ခေါင်းကို ရမိရရာ ခါရေ၊ ငါ့နှုတ်သီးနန့်အမဲကြိုးတပင်ကို နှောင်းနှောင်းကိုက်ထားမိရေ။ ဖြုန်းခနဲနန့်ပင် အလင်းထိုးခံရစော်နန့် တွားလားကောင်ကနီ ပက်လက်လှန်ခံထားရေ ပိုးကောင်ချေ ဖြစ်အောင်ထိ ငါ ကျုံ့လားခရေ။ ငါ့ ဂုဏ်သိက္ခာက အတွင်းထဲက အမှောင်ပျာလ်။ ဂုဏ်သိက္ခာက အမှောင်အတွင်းထဲမှာ ပုန်းနီလီလာ...

နရူဒါပဉှာ (က)

 I ဇာအတွက်နန့် ဧရာမလီပျံတိက သူ့ရို့အချေတိနန့် တူတူမပျံကတ်စော်ရောင်။ ဇာငှက်အဝါက သူ့အသိုက်ကို သံပရာသီးတိနန့် ဖြည့်ထားရောင်။ နီရောင်ကနီ ပျားရည်စုပ်ဖို့ ဇာအတွက်နန့် ဟေလီကော်ပတာတိကို မသင်ပီးကတ်စော်ရောင်။ အေနိညဥ့်ခါ သူ့ဂျုံမှုန့်အိတ်ကို  လဇနီက ဇာမှာ ထားပစ်ခရောင်။ Il ငါက သီလားခပြီကေ သီပျာလ်ဆိုစော်ကို မသိကေ အသူ့ကို ငါက အချိန်ကို မီးရဖို့ရောင်။ ပြင်သစ်က ဇာနီရမှာ နွီဦးမှာ အရွက်တိ အများကြီးဟိတတ်ရောင်။ ပျားအလိုက်ခံရရေ မျက်ကန်းတယောက်က ဇာနီရာမှာ နီလီနိုင်ဖို့ရောင်။ အဝါအရောင် ကုန်လားခကေ ဇာချင့်နန့် ငါရို့ ပေါင်မုန့်ဖုတ်ကတ်ဖို့ရောင်။ III ငါ့ချက်ပြော၊ နှင်းဆီက လင်းကြဲလား ယင်းချင့်ကပင် သူ့အဝတ်အစားလား။ သူရို့အမြစ်တိ၏ ခမ်းနားမှုကို ဇာအတွက်နန့် အပင်တိက ဝှက်ထားကတ်စော်ရောင်။ ခိုးလားနီရေ ဂါရီ၏ နောင်တတိကို အသူ ကြားရောင်။ မိုးရီထဲမှာ တန့်နီရေ မီးရထားတစီးထက် ပိုလို့ဝမ်းနည်းစော် ကမ္ဘာမှာ အရာဇာဟိသိရောင်။ IV  ကောင်းကင်ဘုံမှာ ဘုရားကျောင်း ဇာနှစ်ကျောင်းဟိရောင်။ မျက်နှာပြောင်ရေ အချက်ပြဥသြကို ဇာအတွက်နန့် ငါးမန်းက မတိုက်ခိုက်ရစော်ရောင်။ မီးခိုးက မိုးရိပ်တိနန့် စကားပြောလာ။ ငါရို့ဆန္ဒတိကို  နှင်းရည်လောင်းပီးရဖို့ဆိုစော် ...

ဒေမြို့က အီး​ဆေး

မြစ်​ချေတမြစ်၊ ပြီး​ကေ တံတားတစင်း ယင်းချင့်ပြီး​ကေ အိမ်အဖြူတတန်း အ​သေအချာညိထား​ရေ မြက်​ခင်းတိနန့်။ ပြီး​ကေ ခြီခွင်ခွင်နန့် ခွီးဝတုတ်တ​ကောင် လမ်းအစပ်ကနီ အီးလို့ လမ်း​လျှောက်လာ​နီရေ သတင်းစာတ​စောင် ပါးစပ်မှာ ကိုက်ယူလာယက်ပင်း။ ချားလ်စ်ဆီမိချ် -============= ကျနော်ရို့ ကြည့်ဖူးနီကျ အမေရိကန်ကားတိမှာပါရေပိုင်မျိုး ညီညီညာညာစီနီရေ လုံးချင်းအိမ်တိ ယင်းအိမ်တိရှိက အသေအချာ ညိထားရေ မြက်တောပြင်တိ။ ဇာထူးဆန်းလေ။ အားလုံး သပ်ယပ် အီးချမ်းလို့။ ခွီးတောင်မှာ ဟန်တခွဲသားလမ်းလျှောက်နီလီသိယင့်။ တခုရာ ယင်းခွီးက သတင်းစာ တစောင်ကို ကိုက်လာနီရေ။ ယင်းသတင်းစာမှာ ဇာတိပါလေ။ မသိ။ဒေမြို့က အီးဆေးဆိုကေ အရာမြို့တိကဝေါ်။ ဘဇောင်လေ။ သတင်းစာ တီဗီလိုင်းတိက ဆီမိချ်ကဗျာတိမှာ တွိရတတ်တေ သိင်း တခု မီဒီယာတိက ပုံဖော်ရေပိုင် ကျနော်ရို့ မြင်ရရေ ကမ္ဘာ့ဇာတ်ကြောင်းတိ ဒုက္ခ သုခတိ

တ​ယောက်​ယောက် ခြံနောက်​ဖေးမှာ

ဇာပိုင်လှ​ရေ မြင်ကွင်းလဲချင့် သမီးရည်းစားနှစ်​ယောက် ဝိုင်​သောက်ကတ်၊နမ်းနီကတ်​စော် မြင်ရ​စော် ​နောက်ခြီထောက်လို့ရပ်နီ​ရေ ခွီးတ​ကောင် ခုံထက်ကအစာအကျန်တိကို ​တောင်းနီ​ရေ In Someone's Backyard Charles Simic

ငြင်း

ခွာတကောင်ပိုင်ဖြူရေ လျှို့ဝှက် ကမ်းခြီထက်မှာ မွန်းတည့်ကျာကျာမှာ ငါရို့ ရီငတ်နီခကတ်​တေ ယေလေ့ ရီက သောက်မရ​ရေ ဆားငံရာ ရွှီရောင် သဲပြင်ထက်မှာ သူမနာမည်ကို ငါရို့ရီးခကတ်​တေ​ဝေါ် ယေလေ့ ပင်လယ်လီညှင်းအတိုက်မှာ ရီးခ​​​ရေစာက ပျောက်ခပျာလ်  ဇာ စိတ်ဓာတ် ဇာ နှလုံးသား ဇာ ဆန္ဒ ရမ္မက်တိနန့် ငါရို့ဘဝကို ငါရို့နီခကတ်လေချင့် အမှားရာ ယေနန့် ငါရို့ဘဝကို ငါရို့ပြောင်းပစ်ခကတ်​တေ Denial by G Seferis

အရာ တဖဲ့​ချေ​လောက်ဗျာလ်

အရာ တဖဲ့​ချေ​လောက်ဗျာလ် ပန်းပွင့်နီ​ရေ ​အေမွန်*ပင်တိကို နီ​ရောင်မှာ​တောက်နီ​ရေ မာဘယ်​**ကျောက်တိကို ပင်လယ်ကို၊ အလိပ်လိပ်လှိုင်းတိကိုမြင်ရဖို့ အရာ တဖဲ့​​ချေလောက်ဗျာလ် ငါရို့အရာဆ​ကေမြင့်မြင့် ရပ်ကတ်​​မေ။ Just a little more By George Seferis *Almond  အပင်တိကို လို့လေ့ ​ဖြုတ်ဖတ်လို့ရဖို့ ** Marble  အလှ​ကျောက်တိကို လို့လေ့ ဖတ်လို့ရဖို့

အအိပ်မရောက်

ညဉ့်သန်းခေါင်မှာ ငါ့ ဖာသာငါ မီးကြည့်ရေ ချီလီ ဇာဖြစ်လာဖို့လဲ ငါ့ နွမ်းနွမ်း မိုက်မိုက် တိုင်းပြည် ဇာတိဖြစ်လာဖို့သိလဲ ဒေ ပါးပါးရှည်ရှည် သင်္ဘောကို ဒေ ကျောက်တုံးတိကို ဒေ လယ်ကွက်ချေတိကို ကမ်းရိုးတန်းက ဒဏ်ခံနိုင်ရေ နှင်းဆီိကို ရီမြုပ်လှိုင်းတိကြားက အသက်တိကို ကောင်းချစ်မိရေ ကျေးဇူးကြောင့်နန့် ငါ့ပြည်နန့် ငါက တသားထဲဖြစ်ခ ငါ့ပြည်မှာ သား တစ်ယောက်ချင်းစီကို ငါတွိခ ငါ့ထဲမှာ ငိုယင်း ပန်းပွင့်ယင်းနန့် တရာသီပြီးကေ တရာသီ နန်းတက်ခကတ်တေ။  သံသယ နှစ်ကာလအသီ လွန်ရုံရာသိ ငါရို့အားလုံးကို သွီးယိုစီခရေ အမှားတိ လွန်လို့ ပိုကောင်း ပိုမျှတရေ ဘဝတခုအတွက်  အစီစိုင်ချဖို့ ကြံကတ်တာသိ ခြိမ်းခြောက်​စော်က အရာတခါ  ပြန်ပေါ်လာ ထရံတိထက်မှာ မြင့်တက်လာရေ အငြိုးမာန်တိကို ငါ အခု ခံစားနီမိပျာလ်။ နရူဒါ Insomnia

ခရမ်းချိုင်သီး တမ်းခြင်း

 ခရမ်းချိုင်သီးလက်သုပ် ရဆီပီ တခုပိုင်​လောက် သ​​ဘောထားပနာ ဖတ်​ကေ​လေ့ ရဖို့ ကမ္ဘာသစ် ကမ္ဘာ​ဟောင်းကွဲနီ​ရေ စပိန်စကား​ပြောကမ္ဘာ ကမ္ဘာနီရာ မျိုးစုံက ​​ပြောင်းလာကတ်​တေလူတိနန့် တည်​ဆောက်ထား​ရေ လက်တင်အ​မေရိက ချီလီပြည် ဗဟုယိုင်​ကျေးမှုဟာမိုနီ လို့ ငံပြာရည်သမားစိတ်နန့် ဖတ်ချင်ဖတ် ပုံသဏ္ဍာန်အရ တမင် fragmantationပျင်ထား​စော် ခရမ်းချိုင်သီး တမ်းခြင်း .......................... လမ်းမှာ ခရမ်းချိုင်သီးတိနန့်အပြည့်၊ မွန်းတည့်၊ ဆောင်းနှောင်း၊ နီရောင်က ခရမ်းချိုင်သီး တလုံးပိုင် နှစ်ခြမ်းခြမ်းလို့၊ သူ့အရည်တိ လမ်းတိတလျှောက် စီးနီရေ။ ဒီဇင်ဘာမှာ၊ အ​လျော့မပီးပဲနန့်၊ ခရမ်းချိုင်သီး မီးဖိုခန်းသို့ ကျူးကျော်လာ၊ ထမင်းစားချိန်မှာ ဝင်လာ။ အန်ဒမာရီတိထက်မှာ ဖန်ခွက်တိ၊ ထောပတ်ပျာလာတိ၊ ဆားခွက်တိကြားမှာ အီးအီးလူလူ နီရာယူ။ ကိုယ်ပိုင် အလင်းနန့် အရောင်ဖြာလို့ အနုစား မဟာဆန်မှု။ ကံဆိုးစွာနန့်  ငါရို့ သူ့ကို သတ်ရဖို့၊ ဓား သက်ဟိအသားထဲသို့ မြုပ်ဝင်၊ ကလီစာ အနီ အီးမြ နီတစင်း၊ ​လေးလေးနက်နက်၊ မကုန်မခန်း၊ ချီလီက ဟင်းလက်သုတ်တိမှာ နီရာယူ။ ကြက်သွန်နီအကြိုင်နန့် ပျော်ပျော်ရွှင်ရွှင် သူ နှင်းစပ်၊ ပြီးကေ ပေါင်းစည်းမှုကို ဂုဏ်ပြုဖို...

အဝိုင်းခံထားရရေ မြို့က အစီအရင်ခံစာ

အရာလူရို့ပိုင် သေနတ်ကိုင်ပနာ စစ်တိုက်ဖို့ အသက်က ကြီးလားခပျာလ်ဆိုခါ မှတ်တမ်းတင်သားအဖြစ် အဆင့်နိမ့်ရေတာဝန် ထောက်ထောက်ညှာညှာနန့် သူရို့ငါ့ကို ပီးခကတ်​တေ အမှန်က အတိအကျဖြစ်ရဖို့မလားယေ ယေကေလေ့ ငါကမသိလိုက်ပျာလ် ကျူးကျော်​စော်က ဇာ အချိန်က စခလေ အယင် နှစ်နှစ်ရာကလား ဒီဇင်ဘာမှာလာ စက်တင်ဘာမှာလာ မဟုတ်တာ့ ညက အရုဏ်တက်မှာလာ အချိန်နန့်ဆိုင်ရေ အသိအာရုံပျောက်​စော်ကို ဒေကလူတိ အားလုံး ခံစားနီကတ်ရယင့် ငါရို့မှာ ကျန်စော်ဆိုလို့ နီရာ နန့် နီရာကို ကပ်ငြိ​စော်ရာ ဟိပျာလ် ဘုရားကျောင်း အပြိုအပျက်တိ ဥယျာဉ် နန့် အိမ်ရို့ ဝိဥာဉ်တိကိုတော့ခါ ငါရို့ စိုးမိုးထားတုန်းသိ ဒေ အပျက်အဆီးတိကိုရာ ငါရို့ဆုံးခရကေ တခုလေ့သော့ ကျန်လီဖို့မဟုတ်ပျာလ် မပြီးနိုင် မဆုံးနိုင် ငြီးဖို့ကောင်းရေ အပတ်စဉ်အလိုက် ရစ်သန်နန့် ငါ နိုင်ဆီရီးရေ တနင်္လာ       ဂိုဒေါင်တိ ပြောင်သလင်းခါ      ကြွက်တစ်ကောင်ရေ ငွေကြေးလည်ပတ်မှု ယူနစ်ဖြစ်လာ အင်္ဂါ       အသူမှန်းမသိရေ လက်သည်တိဘားမှာ မြို့ဝန်မင်း အသတ်ခံရ ဗုဒ္ဓူး      အပစ်တန့်ကတ်ဖို့ စေ့စပ်      ရန်သူက ငါရို့ဆက်သားတိကို ဖမ်းထား...

တခန်းရပ်

ပင်လယ်ကမ်းစပ်မှာ ငါရို့ လမ်း​လျှောက်ကတ်​​တေ ရှိကျ​ရေ အပြန်အလှန်စကား အဖျားနှစ်ဘက်ကို လက်ထဲမှာ ​နောင်း​နောင်းကိုင်လို့         - နင် ငါ့ကို ချစ်လာ         -  ငါ မင်းကို ချစ်​တေ သမ္မာကျမ်းစာ နှစ်​စောင် နက္ခတ်ဆရာတိ တမန်​တော်တိ ဥယျာဥ်က ဒသနဆရာတိ ​ကျောင်း​တော်က ဒသနဆရာတိ သူရို့အားလုံး အသိပညာတိကို မျက်​မှောင်ကြုံ့ပနာ ငါ သံခိပ်ချုပ်လိုက်တေ အချုပ်က ​အေပိုင်မျိုး        -    မငို​ကေ့        -    သတ်တိဟိပါ        -    အရာလူတိ ဇာပိုင်​လေ ကြည့် နင်က နှုတ်ခမ်း​ချေ စူပနာ​ပြော​ရေ    - မင်းက ဘုန်းကြီးဝတ်ရဖို့​စော်ရာ ညီး​ရေ လားလီဖိ ကိုယ်ကျင့်တရားသမားတိကို တ​ယောက်ကမချစ်  ပင်လယ်သီ​ချေ ကမ်းစပ်မှာ ငါ ဇာ​ပြောရဖို့လဲ အအီး အအီးနန့် ​ပျောက်လားခ​ရေ ခြီရာတိမှာ ရီပြည့်ပါလတ်​တေ။ Episode Zbigniew Herbert

တံခါး​ခေါက်​ကွင်း

 သူရို့​ခေါင်းထက်မှာ  ဥယျာဥ်တိကို ပျိုးထား​ရေ လူတိဟိ​ရေ။ လမ်းတိက  သူရို့ဆံပင်တိကနီ နီ​သာ​ရေ မြို့ ဖြူဖြူတိဘားကို ဦးတည်လို့ လားနီ​ရေ။ သူရို့အတွက် စာရွီးရ​စော်ကလွယ်​ရေ။ သူရို့မျက်စိတိကို မိတ်လိုက်​စော်နန့် ချက်ချင်း နမိတ်ပုံတိ အအုပ်လိုက် သူရို့ နဖူးတိကနီ စီးပါလတ်​ကတ်တေ။ ကျ​နော့် စိတ်ကူးစိတ်သန်းတိကျခါ ဘုတ်ပြားတပြား ကျ​နော့် တခုထဲကိရိယာက သစ်သားတုတ်တ​ချောင်း။ ကျ​နော် ဘုတ်ပြားကို သတ်​​ကေ ဘုတ်ပြားက ပြန်​ဖြေ​​ရေ။ ဟုတ်​တေ ဟုတ်​တေ မဟုတ် မဟုတ် အရာလူတိမှာ အပင်​ခေါင်း​လောင်းစိမ်းတိ ရီ​ခေါင်း​လောင်းပြာတိ ကျ​နော့်မှာကျခါ မထိမ်းမကာပဲထား​ရေ ဥယျာဥ်တိက တံခါးခေါက်​တေ ကွင်းတကွင်း။ ဘုတ်ပြားကို တဗုန်းဗုန်းသတ်​​ကေ သူက ချက်ချင်းပြန်​ဖြေ​ရေ ကိုယ်ကျင့်တရားဝါဒီတိ၏ ​ကဗျာ​ခြောက်​​ခြောက်ကပ်ကပ်နန့်။ ဟုတ်​တေ ဟုတ်​တေ မဟုတ်  မဟုတ်  A Knocker By Zbigniew Herbert

လှီကားထိပ်က

ဟုတ်​​တေ လှီကားထိပ်မှာ ရပ်နီ​ရေ လူတိက သိကတ်​တေ သူရို့ အားလုံးကိုသိ​ကတ်ပါရေ  အကျွန်ရို့ကျခါ တမျိုး ရင်ပြင်တိမှာ အိမ်လှဲလှဲ​ရေလူတိ ပို​ကောင်း​ရေ အနာဂတ်တခုဘားမှာ ပြန်ပီးဆွဲခံရ​ရေလူတိ လှီကားထိပ်မှာ ရပ်နီ​ရေ လူတိက အကျွန်ရို့ဘားကို မ​ပေါ်လာသ​လောက် (​ပေါ်လာပြန်​ကေ​လေ့) ယှူးတိုးတိုး​ချေဆို​ရေ လက်ညိုးက ရက်ပြတ် သူရို့ပါးစပ်ရှိမှာ  အကျွန်ရို့က စိတ်ရှည်ပါ​ရေ အကျွန်ရို့အိပ်သျှင်မတိက တနင်္ဂနွီမှာဝတ်​တေ အဝတ်အစားတိကို အ​ပေါက်ဖာကတ်​တေ အကျွန်ရို့က ရိက္ခာရာသျှန် ​ဘော်လုံး ဖိနပ်စျီးနှုန်းတိအ​ကြောင်းကို ​ပြောကတ်​တေ စနီနိမှာ ​ခေါင်းကို ​နောက်လှန်ထားပနာ ​သောက်ကတ်ယက်ပင်း​လေ  လက်သီးတိကို တင်းတင်းဆုပ်ကတ် ချိုင်ကြိုးတိကို ​ဒေါသနန့်ခါကတ် သူပုန်ထဖို့ တိုက်တွန်းကတ်ယက်ပင်း အပြင်းအထန်စိတ်တက်ကြွပနာ စကား​တိပြော မီးခွန်းတိထုတ်ကတ်​တေ မတန့်တန်း စကား​ပြောကတ် မီးခွန်းထုတ်ကတ်​တေ လူတိကမဟုတ် အကျွန်ရို့က သူရို့ဝါထုက ​အေပိုင် ငါရို့ လှီကားထက်ကို ပြီးတက်ကတ်ဖို့ မုန်းတိုင်းတိုက်ပိုင် သူရို့ ဖမ်းပလိုက်ဖို့ လှီကားထိပ်က လူရို့မှာ ​ခေါင်းတိ လှီကားအတိုင်း လိမ့်လို့ဆင်းလာဖို့ ​နောက်ဆုံးမှာ ငါရို့စိုက်ကြည့်ကတ်ဖို့ ယင်းအမြင်...

ဒေသနာကျမ်းမှာ မြစ်ဖျားခံရေ ခေတ်ပေါ်ကဗျာတိ ၁

ဘဝ ကိစ္စတိုင်းအတွက် အချိန်ဟိရလောက်အောင်ထိ တစ်ဘဝစာမှာ လူတစ်ယောက်အတွက် အချိန်ကမဟိ ရည်ရွယ်ချက်တိုင်းအတွက် တစ်ရာသီစီရရလောက်အောင်ထိ လူတစ်ယောက်မှာ လုံလောက်တေ ရာသီတိမဟိ  ဒေသနာကျမ်း ယင်းချင့်မှာ မှားရေ လူတစ်ယောက်က တချိန်ထဲမှာ ချစ်ဖို့ နန့် မုန်းဖို့လိုရေ မျက်လုံးတစုံတည်းနန့် ရယ်ဖို့ နန့် ငိုဖို့လိုရေ  လက်တစုံတည်းနန့် ကျောက်ခဲကိုဝေးပစ်ဖို့ ကောက်ဖို့လိုရေ စစ်ပွဲမှာ ချစ်ဖို့နန့် ချစ်ပွဲမှာ စစ်တိုက်ဖို့လိုရေ အစီစဉ်ချဖို့နန့် ဂျီဝိဂျီဝါဖြစ်နီဖို့လိုရေ သမိုင်းက နှစ်တိ နှစ်တိအများကြီးပျင်ခစော်ကို အစာခြီဖို့လိုရေ  လူတစ်ယောက်မှာ အချိန်ကမဟိ ပျောက်လားခခါ လိုက်ရှာရေ ရှာလို့တွိခါ မိကျရေ  မိကျခခါ ချစ်လာရေ ချစ်လာခခါ မိဖို့စပျင်ရေ သူ့ဝိဥာဉ်က သမ္ဘာရင့်ပြီးသား သူ့ဝိဥာဉ်က ကောင်းပင် ပြိုဖန်သျှင်နယ်ကျရေ သူ့ ခန္ဓာကရာ အမြဲတမ်း အပျော်တမ်းသမား စမ်းကြည့်လိုက် လွဲလားလိုက် မရေမရာဖြစ်လိုက်နန့် တခုကိုလေ့ မတတ်ခ သာယာမှုနန့် နာကြင်မှုမှာ ယစ်မူးပနာ မမြင်မကန်းနန့် ဆောင်းဦးသား သဖန်းသီးတိပိုင် သူသီဖို့ သူကိုယ်တိုင်နန့် အချိုဓါတ်အပြည့်နန့် ရှုံ့လို့ မြီထက်မှာ ပိုလို့ခြောက်လာနီရေ အရွက်တိ အရွက်မဟိ​ရေ အကိုင်းတိ က က...

ပုဂ္ဂလိကဖွင့်အန် ကဗျာဆရာမနှစ်ယောက်နန့် အက်ဖရတ်စတိကဗျာတိ အပိုင်း က

      ပုဂ္ဂလိကဖွင့်အန်ကဗျာConfessional Poetry စော် ၁၉၅၀-၆၀ကာလတိက အမေရိကန် ကဗျာလောကမှာ လူသိများလာရေကဗျာအမျိုးအစားတခုလို့ဆိုရပါဖို့။ ကဗျာဆရာ၏ပုဂ္ဂလိက ခံစားမှုတိ ဘဝဖြတ်သန်းမှုတိ အနာတိကို ဖွင့်အန်ရီးကတ်တေကဗျာမျိုးလို့ အကြမ်းပြောလို့ရပါဖို့။ကဗျာထဲမှာ "ငါ "ကိုရှာ ကတ် "ငါ"ကို ဖော်ထုတ်ကတ်တေလို့လေ့ ပြောလို့ရပါဖို့။ Robert Lowell John Berryman Slyvia Plath Anne Sexton ရို့ က အများသိရေ CPကဗျာဆရာတိလို့ပြောလို့ရပါဖို့။ CP လွှမ်းမိုးမှုက ခုထိ ကဗျာဆရာ တချို့ကို လွှမ်းမိုးမှုဟိနီသိရေလို့ဆိုကတ်ပါရေ။       Ekphrastic Poetryကတော့ခါ အမြင်အနုပညာတမျိုးမျိုး(ပန်းချီ၊ရုပ်ထု)ကို အခြီခံလို့ စိတ်ကူးဆက်ပွားပနာ ရွီးရေ ကဗျာမျိုးလို့ အလွယ်ပြောရဖို့ထင်ပါရေ။ "ယှင်းလင်းတင်ပြရေ" လို့ ယေဘုယျ ပြောကတ်ကေလေ့ တခါတလီမှာ ကဗျာဆရာတိက ပန်းချီဘောင်ထက် အများကြီးကျော်ထွက်လားစော်တိလေ့တွိရတတ်ပါရေ။ ဥရောပအစိုင်အလာ မှာတော့ခါ EPကို ထိုးခေတ်ဟောင်း ဂရိကဗျာတိအထိ ခြီရာခံလို့ရရေဆိုပါရေ။        CPကဗျာဆရာမနှစ်ယောက်က အရာလူတယောက် ဆွဲထားရေ ပန်းချီထဲမှာ သူရို့ "ငါ" ကို ဇာပ...

အိုက်စကရိန်း ဧကရာဇ်

ဆီးသားလိပ်ကြီးတိ လိပ်တေ အားလာကြီးကိုခေါ်လိုက် ပြီးကေ မီးဖိုခန်းက ခွက်ထဲမှာ ရမ္မက်ကြွ နို့ချိုင်ကိုမွီခိုင်း ကလေ့မေချေရို့က ဝတ်နီကျအဝတ်တိ ဝတ်ပနာ ပျိုင်းပျိုင်းရိရိ လမ်းသလားနီကတ်ပတ်စီ ကလေချေရို့က အယင်လက သတင်းစာတိနန့်ပတ်ပနာ ပန်းတိကို ယူလာကတ်ပတ်စီ ဖြစ်နီစော်ရေ ထင်မြင်မှု အဆုံးသတ်ခန်း ဖြစ်ပါစီ တယောက်ထဲသော ဧကရာဇ်က အိုက်စကရိန်း ဧကရာဇ်ပါရာလေ ဖန်လက်ကိုင်ဘု သုံးလုံးမဟိရေ သစ်ဖြူ အန်ဒမာရီထဲက တခါက ငှက်ရုပ်တိပန်းထိုးထားခရေ အချာဟတ်ကိုယူ ပြီးကေ သူ့မျက်နှာကို ဖုန်းဖို့ ယင်းအဟတ်ကို ဖြန့်လိုက် အသားမာတက်နီရေ သူ့ခြီထောက်တိ အပြင်ထွက်ကျန်ခစော်က သူ ဇာလောက်အီးစက်နီလေ အသံတိတ်နီလေဆိုစော်ကို ပြစော်ရာဟိလီဖို့ မီးအိမ်က သူ့အလင်းကိုသူ တွယ်ကပ်ထားပါပတ်စီ တယောက်ထဲသော ဧကရာဇ်က အိုက်စကရိန်း ဧကရာဇ်ရာလေေ................................ Emperor of Ice Cream Wallace Stevens ေဝါေလ့စ်ဆတီဗန် က အနောက်မော်ဒန်မှာ ဆရာတဆူ ဗမာဆရာတိ မိတ်ဆက်စော်ကောင်းမတွိ ဆိုခါ ကိုယ့်ဘားမှာ အသိဆကေနည်းရေ ကဗျာရေ ဆင်ခြင်ဥာဏ်နန့် ထောက်ဆစော်ကို ခုခံနိုင်ရဖို့ဆိုရေ ဝေါလေ့စ်ကဗျာကို ပြန်မိစော်က ကြိုက်လွန်းလို့ရာ အပြည့်အဝတော့ ကိုယ့်စကားနန့် မဖမ်းဆုပ်နိုင် အားလာကြ...

ယင်းတယောက်

နင့်အချေမှာ နာမည်မဟိ နင့်ဆံပင်မှာ အရောင်မဟိ နင့်မျက်နှာမှာ အသားမဟိ နင့်တိုင်းပြည်မှာ အလံဆယ်လံ နင့်အသံမှာ လျှာမဟိ နင့်စိတ်ကူးတိက မြွီပိုင် လျှောလားနီရေ နင့်မျက်လုံးတိက မလိုက် နင်က ပန်းစည်းတိကို စားရေ ထရံကြားမှာ သီးပေါက်တေ ခွီးတိကို အဆိပ်လူးထားရေ အမဲသားဝေးကျွေးရေ တင်းပုတ်တလက်နန့် လက်ကြားတိထဲမှာ ယောင်နီရေ နင့်ကို ငါမြင်ရေ ဇာသူ့ကိုမဆို ထိုးဖို့ ဓါးတလက်နန့် နင့်ကို ငါ မြင်ရေ နှလုံးသားတခုအတွက် ငါးခေါင်း လည်ရောင်းနီရေ နင့်ကို ငါမြင်ရေ မီးဆွဲတံကုဋေကုဋာ မီးတောက်တိနန့် နီပြင်းနီချိန် နောက်ဆုံးပေါ် တေးခြင်းတပိုဒ်ကို ညီးပနာ လက်ထဲမှာ အရက်တခွက်ကိုင်လို့ စားဖိုခန်းကနီ နင်လမ်းလျှောက်လို့ဝင်လတ်ဖို့ အနီရောင်အဝတ်ကျပ်ကျပ်ကို ဝတ်ပနာ ငါ့ကို ပြုံးပြယင်းနန့်လေ သာမန်တော့ မဟုတ် That One by Charles Bukowski

ငါလူတယောက်ကို သိရေ

အချစ်ခင်းခရေ အခန်း ပြတင်းကနီ  မြင်ရရေ မြင်ကွင်းကိုကျ ဓါတ်ပုံရိုက်ပနာ ယေမှာ သူချစ်ခရေ မိန်းမကိုကျကေ  ဓါတ်ပုံမရိုက်တေ လူတယောက်ကို ငါသိရေ I know a man Yehuda Amichai

အိမ်တအိမ် ထရံနားမှာ

ကျောက်တုံးနန့်တူအောင် ဆီးသုတ်ထားရေ အိမ်တအိမ် ထရံနားမှာ ဘုရားသခင်ကို ငါ အကြားအမြင်ရခရေ။ အရာလူတိကို ခေါင်းကိုက်အောင်ပျင်ရေ အအိပ်မရောက် ညဥ့်တညဥ့်က ငါ့ဦးနှောက်ထဲမှာကျခါ ပန်းအလှပချေတိကို ပွင့်စီရေ ပြီးကေ ခွီးတကောင်ပိုင်ပျောက်လားခရေ လူကို လူတယောက်ပိုင် ပြန်တွိပနာ အိမ်ကို ခေါ်လာကတ်ဖို့။ အချစ်က နောက်ဆုံး အခန်းမဟုတ်သိ။ ယင်းအခန်းပြီးကေ အရာ အခန်းတိကျန်သိရေ အဆုံးမဟိရေ ဇင်းခါ တလျှောက်မှာယေ။ Near the wall of a house Yehuda Amichai

လဘဲလွှာ ဧခြင်း

အို ဘုရားသခင် လဘဲလွှာကို ဂရုဏာထားတော်မူပါ။ မီးခိုးနန့် အဆိပ်သင့်နီရေ အေ အပင်တိအောက်ကို ကြည့်တော်မူပါ။ အားနည်းရေလူတိ အယစ်တိကို ပျော်ရွှင်မှု တချက်ချေ ပီးတော်မူပါ။ အို ဘုရားသခင် လဘဲလွှာကို ဂရုဏာထားတော်မူပါ။ တရက်ပြတ်လုံး သူရို့ ခိုးယူခကတ်၊ ကျိန်ဆဲခကတ်တေ။ ခု ထရံကပ်အိပ်စင်ချေတိမှာ သူရို့လဲနီကတ်၊ သူရို့ ဒဏ်ရာတိကို သူရို့လျက်နီကတ်တေ။ ပြီးကေ ပါရီမြို့ထက်မှာ အမှောင်ထု သိပ်သည်းလာစိုင် ခိုးယူခရေ သူရို့လက်ထိထဲမှာ သူရို့ မျက်နှာတိကို ဝှက်ထားကတ်တေ။ အို ဘုရားသခင် လဘဲလွှာကို ဂရုဏာထားတော်မူပါ။ သင့် ပဉာတ်တော်ကို သူရို့ နိစိုင် လိုက်နာခကတ်တေ။ ဂျုံပင်တိကို ရိတ်သိမ်းခကတ်တေ၊ မြီက ကျောက်မီးသွီးကို ထုတ်ယူခကတ်တေ။ ဇိသျှု မာရိ နာမတော်တိကို ရွတ်ယင်းနန့် ညီအစ်ကိုချင်းသွီးတိနန့် သူ့ရို့ကို သူရို့ ဘဘုတ်စွတ်အောင် တခါတလီပျင်ခကတ်တေ။ အရက်ဆိုင်တိထဲက သူရို့ ကကျော့ဆူသံတိ ဝှန်တက်နီရေ။ ယေစာက သူရို့၏ သင့်ဂုဏ်တော်ဖွဲ့ပျာ။ မိုင်းတိမှာ၊နှင်းထုမှာ၊ အပူမှာ၊ ကျုပ်တောမှာ၊ ပင်လယ်ရို့ အနက်အယှိုင်းမှာ သူရို့ ပျက်စီးခကတ်တေ။ သူရို့ကိုယ်တိုင်၏ အထက်သို့ သင့်ကို မြင့်တင်ပီးခစော်လေ့ သူရို့ပျာ။ သူရို့လက်တိနန့် သင့်မျက်နှာတော်ကို ထုဆစ်ခကတ်တေ။...