ပုဂ္ဂလိကဖွင့်အန် ကဗျာဆရာမနှစ်ယောက်နန့် အက်ဖရတ်စတိကဗျာတိ အပိုင်း က

      ပုဂ္ဂလိကဖွင့်အန်ကဗျာConfessional Poetry စော် ၁၉၅၀-၆၀ကာလတိက အမေရိကန် ကဗျာလောကမှာ လူသိများလာရေကဗျာအမျိုးအစားတခုလို့ဆိုရပါဖို့။ ကဗျာဆရာ၏ပုဂ္ဂလိက ခံစားမှုတိ ဘဝဖြတ်သန်းမှုတိ အနာတိကို ဖွင့်အန်ရီးကတ်တေကဗျာမျိုးလို့ အကြမ်းပြောလို့ရပါဖို့။ကဗျာထဲမှာ "ငါ "ကိုရှာ ကတ် "ငါ"ကို ဖော်ထုတ်ကတ်တေလို့လေ့ ပြောလို့ရပါဖို့။ Robert Lowell John Berryman Slyvia Plath Anne Sexton ရို့ က အများသိရေ CPကဗျာဆရာတိလို့ပြောလို့ရပါဖို့။ CP လွှမ်းမိုးမှုက ခုထိ ကဗျာဆရာ တချို့ကို လွှမ်းမိုးမှုဟိနီသိရေလို့ဆိုကတ်ပါရေ။
      Ekphrastic Poetryကတော့ခါ အမြင်အနုပညာတမျိုးမျိုး(ပန်းချီ၊ရုပ်ထု)ကို အခြီခံလို့ စိတ်ကူးဆက်ပွားပနာ ရွီးရေ ကဗျာမျိုးလို့ အလွယ်ပြောရဖို့ထင်ပါရေ။ "ယှင်းလင်းတင်ပြရေ" လို့ ယေဘုယျ ပြောကတ်ကေလေ့ တခါတလီမှာ ကဗျာဆရာတိက ပန်းချီဘောင်ထက် အများကြီးကျော်ထွက်လားစော်တိလေ့တွိရတတ်ပါရေ။ ဥရောပအစိုင်အလာ မှာတော့ခါ EPကို ထိုးခေတ်ဟောင်း ဂရိကဗျာတိအထိ ခြီရာခံလို့ရရေဆိုပါရေ။
       CPကဗျာဆရာမနှစ်ယောက်က အရာလူတယောက် ဆွဲထားရေ ပန်းချီထဲမှာ သူရို့ "ငါ" ကို ဇာပိုင်ရှာကတ်လေ ဇာပိုင် ဖော်ကတ်လေ။ ပန်းချီဆရာနန့် ကဗျာဆရာ ဝေဒနာချင်းတူလီကတ်လား၊ မဟုတ်တာ့ ကဗျာဆရာမတိက ပန်းချီဆရာစိတ်ကူးကို ဆက်ပွားလီကတ်လာ။ ဆီလ်ဗီယာ ပလာ့သ် Sylvia Plath က မြန်မာရခိုင် ကဗျာဖတ်သား အများစုရင်းနှီးပြီးသားဖြစ်ဖို့များပါရေ။ CPကဗျာဆရာတိထဲမှာ အရေးအပါဆုံးထဲကတယောက်၊ မဝါဒီ။ စိတ်ကျရောဂါအတွက် ဆီးကုသမှု အခါခါ ခံခရရေမိန်းမ။ အိမ်ထောင်ရေးဖောက်ပြန်ရေလူတယောက်မှာ မယား။သားတယောက် သမီးတယောက်နန့် ကဗျာကောင်းတိအများကြီးကို ထားပစ်ခပနာ ကိုယ့်ဘဝကို ကိုယ်တိုင်ဆုံးဖြတ်ပနာ နိဂုံးချုပ်လားခရေ မိန်းမ။သူက Ekphrastic ကဗျာဆကေလေ့ ရီးခပါရေ။ လူသိများစော်က Yadwigha, On A Red Couch, Among Lillies,၊Two Views of A Cadaver Room နန့် Conersation Among the Ruinsရို့ ဖြစ်ပါဖို့။
             အပြိုအပျက်တိကြားမှာ စကားပြောကတ်တေConersation Among the Ruins ကဗျာကို ၁၉၂၈ ခုနှစ်က အီတလီပန်းချီဆရာ Giorgio De Chirico ဆွဲထားရေ ဆာရီယယ်ဆန်ရေ ပန်းချီကားကို အခြီခံပနာရီးထားစော်ပါ။

အပြိုအပျက်တိကြားမှာ စကားပြောကတ်တေ

ကြက်သရေဟိရေ ငါ့အိမ် ဆင်ဝင်ကနီ ဒေါသအရိုင်းတိနန့် နင် ကျားချောင်းချောင်းနီရေ၊
သစ်သီးပန်းကုံးတိ၊ အံ့ဖို့ကောင်းရေ ပလွီနန့် ဒေါင်းငှက်ကို နင် အနှောင့်အယှက်ပီးရေ၊
လီပွီကို ထိန်းထားရေ ရည်မွန်မှုအဆီးကို နင်ဆုတ်ပလိုက်တေ။
အခု ထရံရို့၏ ပြည့်စုံရေအစီအစိုင်ကျနမှု ပြိုကျလားခဗျာလ်။
လန့်ဖို့ကောင်းရေ အပြိုအပျက်တိထက်မှာ
ကျီးကန်းက အာနီရေ။
နင့်မုန်တိုင်းမျက်လုံးက အလင်းဖျော့ဖျော့မှာ မှော်ပဥ္စလက် ပျံပြီးလားခဗျာလ်၊
နိရက်အစစ်တိရောက်လာလို့ ရဲတိုက်ထဲကထွက်ပြီးလားခရေ ကြောက်ကြီးသန်ဘက် စုန်းမတယောက်ပိုင်။

ကျိုးနီရေ အိမ်တိုင်တိက ကျောက်ဆောင်မြင်ကွင်းကို ဘောင်သွင်းထားရေ။
ကုတ်အင်္ကျီနန့် လိုင်စည်းနန့် သူရဲကောင်းပိုင်ယပိုင် နင်ရပ်နီရေခါ
ဂရိသင်တိုင်း၊ နောက်ဆွဲဆံထုံးနန့် ငါက တည်တည်ငြိမ်ငြိမ်ထိုင်လို့။
နင့်အကြည့်အမဲကျေးဇူးနန့် ဇာတ်လမ်းက ကြေကွဲဖို့ရာဖြစ်လားခပျာလ်။
ဖွဲရီကျ ငါရို့ အိမ်ရာမှာ အေ အဖြစ်ဆိုးတိ ဖြစ်ခပြီးခါမှ
ဇာ စကားလုံးအဆင်တန်ဆာတိက အပျက်အစီးကို ဖာပီးနိုင်ဖို့သိလဲ။



...... ပထမစာကြောင်းမှာပင် ငါ ကစလို့ပါလာရေ။။ဒေါသ၊ကျားချောင်း၊အနှောင့်အယှက်၊လပွီ၊ဆုတ်တေ ဆိုရေစကားလုံးတိနန့် ဖော်ပြထားရေ ကဗျာထဲက နင်၊ ဖိုယောကျ်ား နန့် ကြက်သရေ၊ သစ်သီးပန်းကုံး၊ပလွီဂီတ၊ဒေါင်းအလှ၊ ရည်မွန်မှု ဆိုရေစကားလုံးတိနန့် ဖော်ပြထားရေ ငါ မိန်းမ တယောက်ရို့၏ အိမ်ထောင်ရေး ဝါ ကျားမဆက်ဆံရေးတခု။ နောက် ငါ့ အိမ်၊ ငါရို့အိမ်မဖြစ်ခရေ ငါ့အိမ်လာ။ နောက် ကြမ္မာဆိုး ရှိပြီး ကျီကန်း။ မှော်ပဥ္စလက် လတ်။ စိတ်ကူးထဲမှာ သာယာရင်ခုန် စိတ်ကစပ်ဖို့ကောင်းရေအချစ်မေတ္တာလာ။ ယင်းချစ်ခြင်းမေတ္တာ ဆိုစော်လေ့ နီရောင်ကို မခံနိုင်ရေ စုန်းမျိုးလား။ အိမ်မက်မက် စိတ်ကူးယဥ်ခရေ ဘဝနန့် နိရက် အစစ် ဝါ လက်တွေ့နန့် တခြားစီလား။ ရည်းစားဘဝသာယာမှု နန့် လက်တွိ အိမ်ထောင်သည်ဘဝ။ ကဗျာပထမပိုဒ် တခုလုံးမှာ အပြိုအပျက်၊ထရံနန့် မျက်လုံးလောက်ကိုရာ ပန်းချီထဲမှာရှာတွိပါရေ။ ကျန်စော်တိက ကဗျာဆရာမ တည်ဆောက်ဖန်တီးထားစော်တိက များကာ။ ဒုတိယပိုဒ် မှာတော့ခါ ပန်းချီကို တိုက်ရိုက် ပုံဖော်ရီးစော်များရေ။ ကျိုးနီရေ အိမ်တိုင်တိက ကျောက်ဆောင်မြင်ကွင်းကို ဘောင်သွင်းထားရေ။ ဘောင်သွင်းခံထားရရေ မြင်ကွင်း။ ငါ အတွက် အေဆက်ဆံရေစော် ဘောင်သွင်းခံရစော်တခုလား။ ကုတ်အင်္ကျီလိုင်စည်း ဂရိသင်တိုင်း က မတူရေ ခေတ်ကာလ နှစ်ခုက ဝတ်စားဆင်ယင်မှုတိဖြစ်နီပါရေ။ ၁၉၅၀ ၆၀ ကာလပေါ်နန့် ဂန္ထဝင်ဆန်ရေနှစ်ခုကားက ကွာစော်တိ။နောက် သူရဲအောင်းပိုင် နန့် တည်တည်ငြိမ်ငြိမ်။ သူရဲကောင်း ကယ်တင်သျှင်ဂိုက်ဖမ်းစော်တိက တည်ငြိမ်မှုနန့် ဆန့်ကျင်ဘက်လား။ အဆုံးသတ်မှာ ငါရို့အိမ်ရာ လို့ပြောလာပါရေ။ ယေလေ့ ငါရို့ က ဖွဲရီကျ စကားလုံးနန့် ဖာလို့မရနိုင်ရေ အပျက်အဆီး။

Comments

Popular posts from this blog

ဂရိကျောက်အိုး သာခြင်း

ရွင် ပတ်ဂျတ် ကဗျာတိ ၂

နရူဒါပဉှာ (က)