Poete maudit ဘုရားကျိန် ခံရရေ ကဗျာဆရာတိ

 

               ၁၉ ရာစု ကုန်ခါနီး ပြင်သစ်ကဗျာဆရာ တချို့ကို စလို့ခေါ်ကတ်တေ အသုံးဆိုရပါဖို့။Alfred de Vigny က ၁၈၃၂ ကရွီးခရေ သူ့ဝတ္ထုတပုဒ်မှာ 'ကဗျာဆရာတိစော် ကမ္ဘာမှာ ဩဇာအာဏာဟိရေ လူတိုင်းဘားမှာ အကျိန်ခံရဖို့ အမျိုးတိ"ဆိုပနာ စလို့ရီးခရေလို့ဆိုပါရေ။ ယေလေ့ အေအသုံးတွင်ကျယ်လာစော်က ၁၈၈၄မှာ Paul Verlaine ရီးခရေ အကျိန်ခံကဗျာဆရာတိဆိုရေ စာအုပ်ချေတအုပ်ကို ထုတ်ပီးခါမှလို့ဆိုပါရေ။ယင်းစာအုပ်မှာ ယင်းခေတ်က ပြင်သစ်ကဗျာဆရာတချို့(Rimbaud,Mallarme,Corbiere)၏ ကဗျာတိကို သူ့ သုံးသပ်ချက်တိ၊ပုဂ္ဂလိကအကြောင်းအရာတိကို အခြီခံပနာရီးခရေဆိုပါရေ။သူကိုယ်တိုင်ရီးရေ ကဗျာဆကေလေ့ ပါခပါရေ။သူရို့ကဗျာသစ်တိ၏ သင်္ကေတ၊နိမ်ိတ်ပုံတိက ဝေဝါး ဖမ်းဆုပ်ရ ခက်လို့ သူရို့ကိုယ့်တိုင်နန့် သူရို့အသိုင်းအဝိုင်းကရာ ယင်းခေတ်က နားလည် လက်ခံနိုင်ခကတ်တေ။ အနုပညာမသိ၊အသိပညာမသိရေ ယင်းခေတ်ဘူဇွာလရတတ်တိ(Bourgeois philistines)က အားပီးရမှန်းမသိ၊အသိအမှတ်ပြုရကတ်မှန်းမသိခကတ်လို့ဆိုပါရေ။ 

              အင်္ဂလိပ်အဘိဓာန်လာမှာ cursed ဆိုစော်ရေ အရည်အသွေးမှန်ကေလေ့ ထိုက်သင့်သလောက် အသိအမှတ် ပြုမခံရရေ ကဗျာ အနုပညာသမားလို့လေ့ ဖွင့်ဆိုချက်ဟိပါရေ။

              နောက်ရာစုတိမှာလဲ ကမ္ဘာမှာ poete maudit လို့ အခေါ်ခံရရေ ကဗျာဆရာတိက ဆက်ဟိနီပါသိရေ။လူသိအများဆုံးက အမေရိကန် ကဗျာဆရာ Hart Craneလို့ ဆိုပါရေ။

             အေနီရာမှာ စကားစပ်လို့ ပြောရဖို့ဆိုကေ အနုပညာဆိုင်ရာ အယူအဆတိရေ နီရာ လူမျိုး ဘာသာစကားဆိုရေ ဘောင်တိကိုကျော်တတ်တေ ဆိုစော်ကိုပါ။Paul Verlaineက သူကို့ Charles Baudelaireက အကြီးအကျယ်လွှမ်းမိုးရေလို့ဆိုခပါရေ။အရာတခါ Charles Baudelaireက အမေရိကန်ကဗျာ Edgar Allan Poe ရေ ပို ကြီးမြတ်တေကဗျာဆရာ Superior Poetဆိုပနာ သူ့ကဗျာတိကိုအင်္ဂလိပ်ကနီ ပြင်သစ်သို့  နှစ်ပေါင်းများစွာ အချိန်ပီးပနာ ဘာသာပြန်ခပါရေ။ယင်းပြင်သစ် PM က အရာတခါ ခေတ်ကာလမတူရေ နောက်ထပ်အမေရိကန်တယောက် Hart Crane ကို လားလွှမ်းမိုးပြန်ပါရေ။(ဒေမြီ ဒေပြည်မှာ မီးဖွားသန့်စင်ရေ ငါရို့ ဇာတိကဗျာ။ အပြင်ကို ပျောကြည့်ဖို့မလို၊ ပရံလူတိလွှမ်းမိုးမှုမဟိလို့ ထင်နီကတ်စော်ကတော့ကို ကြုံလို့ အတွက်ပေါ်မိပါရေ။) 


             ကဗျာဆရာတိကို ပြည်နှင်ဒဏ်ပီးရဖို့လို့ ပြောခလူဟိပိုင် တချို့ ကဗျာဆရာတိရေ ဒုစရိုက်ကောင် ဘုရားကျိန်ခံရဖို့လူတိလို့လေ့ ပြောကတ်တေ ဆိုရပါဖို့။

             Poete Maudit တိရေ သူရို့ခေတ် သူရို့ကာလက သူရို့လူ့အဖွဲ့အစည်းတိက သတ်မှတ်ထားရေ လူမှုရေး၊ယိုင်ကျေးမှု၊ဘာသာရေးနှုန်းစံတိကို ဖောက်ဖျက်ပနာနီခကတ်တေ။ အကြောင်အရာ thmeပိုင်းမှာပါ ယင်းခေတ်က အများလက်ခံထားကတ်တေ ကဗျာဆိုင်ရာသတ်မှတ်ချက်တိကိုပါ တော်လှန်ခကတ်တေ ဆိုရပါဖို့။ပြင်သစ် Poete Mauditအများစုက symbolism ရှိပြီးတိလို့ သတ်မှတ်ကတ်စော်လေ့ဟိရေ။

           ဇာပင်ဆိုဆို Poete mauditရို့ ကဗျာတိ၏ အနုပညာအရည်အသွေးတိက ခုထိ မှတ်ကျောက်တင် ခံနီနိုင်တုန်းဆိုစော်တော့ခါ သေချာပါရေ။

ယင်းအထဲက pmကို တွင်ကျယ်အောင်ပျင်ခရေ Paul Verlaine ကဗျာဆကေကို အယင်မိတ်ဆက်ပီးလိုက်ပါရေ။


GREEN 


ဒေမှာ သစ်သီးတိ ပန်းတိ အရွက်တိ အကိုင်းအခက်တိ

ဒေမှာ နင့် ယှိုက်ဖိုသံတိအတွက်ရာ ခုန်တတ်တေ ငါ့နှလုံးသား

နင့် နှင်းဖြူလက်ချေတိနန့် မဖျက်ခြွီလိုက်ပါကေ့

ငါ့ မျက်နှာငယ်လက်ဆောင်တိက နင့်မျက်လုံးတိအတွက် ပသာဒဖြစ်ပါစီ 


နှင်းစက်တိအစွတ်ရေဖတ်နန့်ရာသိ ငါ နင့်ဘားကိုလာလတ်စော်

ဒေက ငါ့မျက်နှာထက်မှာ အရုဏ်လီက ခဲပစ်ခရေ နှင်းစက်ကို နင် မြင်မလား

ငါ့ ပင်းပန်းမှုကို နင့်ခြီတော်ရင်းမှာ လဲခွင့်ပြုပါ

ဂုဏ်သရေကို ခွါချခရေ ချစ်ကောင်းထမန့် တဒင်္ဂချေတိကို အိမ်မက်မက်ခွင့်ပြုပါ 


နောက်ဆုံးအနမ်းတိနန့် ပဲ့တင်ဟပ်နီသိရေ နင့်ရင်သားနုနုတိထက်မှာ 

ငါ့ခေါင်းကို မျှိုင်းတင်ထားခွင့်ပြုပါ

ဒေမုန်တိုင်းကြီးကို ထွက်လားခွင့်ပြုလိုက်ပါ

နင်လေ့ နားနီဗျာလ်ဆိုခါ ငါ့ကိုတချက်ချေတော့ အိပ်ခွင့်ပြုပါဝေ 


Paul Verlaine 


နောက်ဆုံး မျှော်လင့်ချက် 


ရိုးကုပ်တေ ကျောက်တုံးတတုံးဘေး၊ အပင်တပင်

သင်္ချိုင်းလီထဲမှာ မျောနီရေ၊

အမှတ်တရ(အနီနန့်) °ယေမှာ စိုက်ထားစော်တော့မဟုတ်၊

အရိုင်း၊အယိုင်သွင်းမခံပဲ*နန့် လွတ်လွတ်လပ်လပ်ကြီးနီစော်။ 


ငှက်တကောင် ယေမှာ တေးခြင်းဆိုဖို့ လားနားရေ၊

ဆောင်းခါ နွီခါ၊ ဝမ်းနည်းမှု ချိုခါးရောရာ**

သစ္စာဟိရေ တေးခြင်းကိုရာ ဆိုရေ။

ယင်းအပင် ယင်းငှက် က နင် နန့် ငါ။ 


နင်က အတွက်ရမှု၊ပျက်ကွက်မှုက ငါ

အချိန်နန့် ဖြားရီက ယင်းချင့်ကို မှတ်တမ်းတင်ထားရေ။

အဝေ နင့် ဘေးမှာ အရာတခါ မသီပဲနန့် ပြန်ရှင်ဖို့။အေး 


အရာတခါ ပြန်ရှင်ဖို့။ယေလေ့ဝေ အချေ***

အီးစက်တေ နတ္ထိက ငါ့သွီးသားကို အခုအပိုင်ခံထားဗျာလ်ယေ။

နင့်အချစ်ကဝေါ် ငါ့ အတွက်ရမှုကို လတ်ဆတ်နီလီစီဖို့လား။ 


Last Hope Paul Verlaine 


° In memoriam

* uncultured

** bittersweet

*** ma petite 


SPLEEN 


နှင်းဆီတိက အားလုံးအနီ

အိုင်ဗီတိက အားလုံးအမဲ

အဝေ နင့်မျက်နှာ တချက်အလွှဲမှာ

ငါ့ အပူက အညာရီပြန်ပေါက်လာ 


အာကာက ကောင်းပင် ပြာ ကောင်းပင် နု

ပင်လယ်ကလေ့ ကောင်းပင်စိမ်းနန့်  

လီမှာကရာ အားပျော့ပျော့နန့်

ရက်ရက်စက်စက် နင် ထွက်လားလီဖို့ကို

ငါ့မှာ ရက်ပြတ် ကြောက်နီလီရမှန်း

နင်ရာသိဖို့ဆိုကေလေ 


ပြောင်ပြောင်လက်လက် ဟော်လီပင်တိ

လင်းလင်းပပ ရွှေတဆုပ်တိ

အနားသပ်မဟိရေ ကျွန်းနယ်အကျယ်

ငါ ကောင်းပင် ညီးပါရေ 

အားလုံးကိုပါဗျာလ်ဝေ နင့်ကိုကလွှဲကေ 


Paul Verlaine 


အေကဗျာကို အင်္ဂလိပ်ပြန်စော် အမျိုးမျိုး

Spleen ဆိုစာလေ့ သရက်ရွက်ဆိုစော်ထက် ကိုယ်ရို့မှာဆိုကေ သည်းခြီနန့် ပိုနီးစပ်ဖို့

ပြင်သစ်စာ ဆကေတတ်မှ အဆင်ပြေဖို့

Comments

Popular posts from this blog

ဂရိကျောက်အိုး သာခြင်း

ရွင် ပတ်ဂျတ် ကဗျာတိ ၂

နရူဒါပဉှာ (က)