Seize the Day Poetry ပစ္စုပ္ပန်ကို လက်မလွတ်ကေ့ ကဗျာ
carpe diem ဆိုရေ လက်တင်စကားစုကို 23 BC မှာဟိုးရေ့စ် Horace ရီးရေ တမ်းခြင်းကဗျာစု Odes မှာ စသုံးခပါရေ။ယင်းမတိုင်ခင်ကပင် အေသဘောတရားကတော့ခါ ကဗျာနယ်မှာ ဟိနီပီးသားလို့လေ့ ပြောကတ်ပါရေ။ ကမ္ဘာ့ အစောဆုံးကဗျာတိထဲ တပုဒ် ဖြစ်တေ Gilgamesh မှာတောင်တွိရေ ဆိုပါရေ။
'အေနိကို ခူးဆွတ်ပါ နက်ဖန်ဆိုစော်ကို အတတ်နိုင်ဆုံး အနည်းဆုံး ယုံ/မျှော်" carpe diem, quam minimum credula postero. ဆိုပနာ ဟိုးရေ့စ်ကရီးခပါရေ။
အင်္ဂလိပ်တိက carpe diem ကို seize the day လို့ ဘာသာပြန်ကတ်လေ့ဟိပါရေ။ကိုယ့်စကားနန့် အလွယ်ပြောရဖို့ဆိုကေ အေနိ ကို မလွတ်တန်းအသုံးချကတ် ဆိုစော်မျိုး ပြောရဖို့ထင်ပါရေ။ပစ္စုပ္ပန်ကို တည့်တည့်ရှူ ဆိုစော်မျိုးနန့် ဆင်ပါဖို့။ အတိတ်ကို ဆွေးမနီကေ့ အနာဂတ်ကို တွေးမနီကေ့ ဆိုရေ သဘော။
နောက်ပိုင်းမှာ လက်တင်ကနီ အင်္ဂလိပ်သို့ ဘာသာပြန်အလွဲ ဆိုပနာလေ့ ပြောကတ်စော်တိဟိပါရေ။ carpe ဒါရိုက် အဓိပ္ပာယ်က pick or pluck ခူးရေ ဆွတ်တေ လို့ဆိုပါရေ။အေမှာလေ့ အရာ သဘောကွဲကတ်စော်က မမှည့်ခင် ခူးလား မှည့်ပြီးမှ ခူးလားဆိုပနာ သဘောထပ်ကွဲကတ်ပါသိရေ။
ဇာပင်ဆိုဆို ပစ္စုပ္ပန်မှာ ပျော်အောင်နီ ဆိုရေ သိင်းTheme ကတော့ခါ ဟိုးရေ့စ်မတိုင်ခင်ကနီ စပနာ အေနိခေတ်ကဗျာစာပီတိ အထိ ဆက်လို့ ဟိနီကတ်တုန်းထင်ပါရေ။ မြန်မာရခိုင် ကဗျာစာပီမှာလေ့ အေ သိင်းကို တခါတခါတွိနီရတုန်းသိထင်ပါရေ။ Seize the Day ဆိုစော်က ကဗျာဘာသာစကားမှာ rhetorical device တခုအဖြစ် တွင်ကျယ်နီတုန်းထင်ပါရေ။ယင်းသိင်းတူ ကဗျာတိကို Seize the Day Poetry လို့ ခုထိ ဖတ်နီကတ် ရီးနီကတ်တုန်းပါသိ။
ကဗျာဖတ်တေ ဆိုစော်လေ့ တခါတလီ ကိုယ့်ပုဂ္ဂလိက ပစ္စုပ္ပန်အတွေ့အကြုံ အဖြစ်အပျက်တိနန့် လိုက်ပနာ ရွီးချယ်ကတ်စော်မနား။ကျနော်လေ့ ခုမြင် ခုပျောက် ကာလမှာ StD ကဗျာတိကို ပြန်သတိရ ပြန်ဖတ်ဖြစ်နီစော်ကို။
StD ကဗျာဆကေ ဘာသာပြန်ပနာ တင်းပီးလိုက်တေ။
၁ ကမ္ဘာ့နိဂုံး ရတု
.......................
ကမ္ဘာ နိဂုံးချုပ်တေနိမှာ
ပျားတစ်ကောင်က ကလိုဘာပင်ကို ပတ်လို့ပျံနီရေ
ငါးဖောက်သည် တစ်ယောက်က အရောင်တလက်လက် ပိုက်ကို ဖာနီရေ
ပျော်ကြီးကျ လင်းပိုင်တိ ပင်လယ်မှာ ခုန်နီကတ်တေ
ရီတရှောက်ဘေးမှာ စာစိကေတိ ကစပ်နီကတ်တေ
ရက်ပြတ် ဖြစ်သင့်ရေ အတိုင်းဗျာလ် မြွီက ရွှီရောင် အရီခွံနန့်
ကမ္ဘာ နိဂုံးချုပ်တေနိမှာ
မိန်းမတိ ထီးဆောင်းပျာလ် လယ်ပြင်သန်းနီကတ်တေ
ယစ်ဖွေတစ်ယောက် မြက်ခင်း အစွန်မှာ အိပ်ငိုက်နီလီရေ
ဟင်းသည်တိ လမ်းထက်မှာ အော်ရောင်းနီကတ်တေ
ရွက်ဝါလောင်းတစ်စင်း ကျွန်းနားသို့ ပါးလာရေ
တယောသံ တစ်သံ လီထဲမှာရွှင့်လို့
ကြယ်ပေါက်ညဉ့် တစ်ညဉ့်သို့ထိ ဆောင်လာရေ
လျှပ်စီး နန့် မိုးကြိုးကို မျှော်ခရေလူတိ စိတ်ပျက်လားခကတ်တေ
နမိတ်ကြီး နန့် တမန်တော် တံပိုးကို မျှော်ခရေလူတိ စိတ်ပျက်လားခကတ်တေ
ခု ဖြစ်ပျက်နီဗျာလ် ဆိုစော်ကို မယုံကတ်
နီ နန့် လ အထက်မှာ ဟိနီသမျှ
ပျားပတုံးတိ နှင်းဆီဘားသို့ ရွာလည်နီသမျှ
အချေရဲရဲချေတိ မွီးနီနီသမျှ
ခု ဖြစ်ပျက်နီဗျာလ် ဆိုစော် တစ်ယောက်လေ့ မယုံကတ်
ခေါင်းဖြူဝါကြီးတစ်လုံးရာ ပရောဖတ်ဖြစ်ဖို့လူ
ခုတော့မဖြစ်သိ သူကလေ့ ကောင်းအလုပ်များနီရေ
ခရမ်းချိုင်သီးကို စည်းယက်ပင်း တပြတ်ပြတ်ပြောနီရေ
ကမ္ဘာမှာ အရာ နိဂုံးချုပ်မဟိ
ကမ္ဘာမှာ အရာ နိဂုံးချုပ်မဟိ
A song on the end of the world by Czeslaw Milosz
၂ ယစ်နီ
ရက်ပြတ် ယစ်နီရဖို့။လုပ်ဖို့ဟိစော်က ယင်းချင့်ဗျာလ်၊တခုထဲသောနည်းလမ်းဗျာလ်ချင့်။မင်းခါးကိုကုန်းပါအောင်၊မြီကို ငုံ့လီအောင်ပျင်ရေ အချိန်ကာလ၏ကြောက်ကောင်းထမန့် အလီးကိုမခံစားမိဖို့ မင်း ရက်ပြတ် မတန့်တန်းယစ်နီရဖို့။
ယေလေ့ ဇာချင့်နန့်လဲ။ ဝိုင်၊ကဗျာ၊သုစရိုက် မင်းခြီစော်နန့်ဗျာလ်ယေ။ယစ်လို့ကတော့ နီရဖို့။
တခါတလီ နန်းတော်လှီကားထစ်ထက်မှာ၊ကျင်းက မြက်တောစိမ်းထက်မှာ မဟုတ်တာ့ ဆွေးဖို့ကောင်းရေ နှုန်းချင်းထဲ မင်းအခန်းထဲမှာ မင်းပြန်ပနာ နိုးလာလတ်ခါ အယစ်လျော့နီ ပြေနီဗျာလ် ဆိုကေ လီကို၊ လှိုင်းကို ၊ကြယ်ကို၊ငှက်ကို၊နာရီကို၊ပျံနီစော်အားလုံးကို၊ ကြိုင်းနီစော်အားလုံးကို၊လိမ့်နီစော်အားလုံးကို၊ဆိုနီစော်အားလုံးကို၊ ပြောနီစော်အားလုံးကို ဇာအချိန် ဟိဗျာလ်လေမီးကြည့်၊ လီ လှိုင်း ကြယ် ငှက် နာရီရို့က ဖြေကတ်လိမေ
"ယစ်ဖို့ အချိန်ကျဗျာလ်၊အချိန်ကာလမှာ အာဇာနည်ကျွန်မဖြစ်လီဖို့ ယစ်နီ၊ရက်ပြတ် ယစ်နီ။ဝိုင်နန့် ဖြစ်ဖြစ် ကဗျာနန့်ဖြစ်ဖြစ် သုစရိုက်နန့်ဖြစ်ဖြစ် မင်းခြီစော်နန့်ဗျာလ်ယေ။
Be Drunk Charles Baudelaire
၃ အေနိ ပြုံးနီရေ ပန်း
အေနိ ပြုံးနီရေ ပန်း
နက်ဖန်ခါ သီဖို့
ငါရို့ ဆက်ဟိစီချင်စော်တိ အားလုံး
သွီးဆောင်ကတ် ပြီးကေ ပျံလားကတ်တေ
ဒေလောကသုခက ဇာလေ
ညဥ့်ကို နှပ်တေ လျှပ်စီး
ထိန်ပါကေလေ့ တချက်ချေ
သုစရိုက်၊ ဇာပိုင် ပျက်လွယ်လေချင့်
မိတ်သဟာယ၊ ဇာပိုင် ယှားလီလေ့ချင့်
မိတ္တာ၊ ဂုဏ်မောက်တေ အပူဝေဒနာအတွက်
သနားကောင်းထမန့် အပျော်ကိုရာ ဇာပိုင် ပီးလီလေချင့်
ယင်းချင့်တိက ချက်ချင်း ပျက်စီးလားကတ်ကေလေ့
သူရို့ဘားက အပျော်နန့် ငါရို့ အပိုင်ဆိုစော်အားလုံး
ငါရို့ဘားမှာ ရှင်ခံကျန်ခရေ
အာကာတိက ပြာလွင် တောက်ပနီချိန်
ပန်းပွင့်တိက မြူးပျော်နီကတ်ချိန်
ပြောင်းလဲတတ်တေ မျက်လုံးတိက
ညဥ့်မကျခင် နိဘက်ကို ပျော်အောင်ပျင်နီချိန်
ငြိမ်ဆိတ်တေ အချိန်က တိတ်တိတ်ချေ လာနီချိန်
အိမ်မက်မက်ဖို့ ပြီးကေ အအိပ်ကနီ
နိုးပါလတ်ဖို့ ငိုဖို့။
Percy Bysshe Shelly
၄ အဦးဆုံး သဖန်းသီး
ငါ့ဖယောင်းတိုင်က အဖျားနှစ်ဘက်လုံးက လောင်နီရေ
ညဥ့်ခါသားတော့ ခံလီဖို့မဟုတ်
အဝေ ငါ့ရန်သူရို့ အဝေး ငါ့မိတ်ဆွေရို့
ယေလေ့ ချစ်ကောင်းထမန့်တော့ လင်းနီရေနန်း
First Fig Edna St. Vincent Millay
Comments
Post a Comment